Language:

အွန်လိုင်းလောင်းကစားဂိမ်းတွေဆော့ဖို့ SMS ပေးပို့ခဲ့တဲ့ ဖုန်းနံပါတ်သုံးသိန်းကျော်ကို အပြီးတိုင်ပိတ်သိမ်းခဲ့ဟုဆို


အွန်လိုင်းလောင်းကစားဂိမ်းတွေဆော့ဖို့ SMS ပေးပို့ခဲ့တဲ့ ဖုန်းနံပါတ်သုံးသိန်းကျော်ကို အပြီးတိုင်ပိတ်သိမ်းခဲ့ဟုဆို

၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

အွန်လိုင်းလောင်းကစား ဂိမ်းတွေဆော့ဖို့ သံသယဖြစ်ဖွယ် SMS စာတိုများ ပေးပို့နေတဲ့ ဖုန်းနံပါတ် စုစုပေါင်း (၃၉၀,၉၇၈) ခုကို အပြီးတိုင် ပိတ်သိမ်းထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားလိုက်ပါတယ်။

ကျွဲဂိမ်း၊ Slot၊ 2D၊ 3D နှင့် ငါးပစ်ဂိမ်းများအပါအဝင် အွန်လိုင်းလောင်းကစားများတွင် လူငယ်များနှင့် အလုပ်လုပ်ကိုင်နေသူများ ဝင်ရောက်ကစားလာစေရန် ဖုန်းခေါ်ဆိုမှုများ၊ SMS စာတိုများနှင့် ကြော်ငြာများမှတစ်ဆင့် သွေးဆောင်မှုများ ပြုလုပ်နေခြင်းကို ထိန်းချုပ်ရန် ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းတင့်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအတွင်း ပြောကြားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက အွန်လိုင်းလောင်းကစားဒိုင်များ အသုံးပြုနေတဲ့ ပုဂ္ဂလိကဘဏ်အကောင့်များနှင့် ငွေပေးချေမှုစနစ်များကို ဖော်ထုတ်အရေးယူရန်၊ ထို့အပြင် ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းများဖြင့် လောင်းကစားရန် သွေးဆောင်နေသူများကိုလည်း ထိရောက်စွာ ဟန့်တားရန် လွှတ်တော်အစည်းအဝေးအတွင်း မေးမြန်းခဲ့တာပါ။

အဆိုပါမေးမြန်းမှုအပေါ် သက်ဆိုင်ရာဘဏ်များနှင့် KBZ Pay၊ Wave Pay၊ AYA Pay စသည့် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းများနှင့် ပူးပေါင်း၍ မသင်္ကာဖွယ် ငွေလွှဲပြောင်းမှုများကို စောင့်ကြည့်စစ်ဆေးပြီး ဖော်ထုတ်အရေးယူနေကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထို့အပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS များ ပေးပို့နေမှုကို စနစ်တကျ စောင့်ကြည့်ထိန်းချုပ်လျက်ရှိတယ်လို့ဆိုပါတယ်။

ဖုန်းနံပါတ်တစ်ခုမှ တူညီသောစာသားများကို အချိန်တိုအတွင်း အများအပြားဖြန့်ဝေပေးပို့ပါက ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာများ၏ SMS Firewall စနစ်ဖြင့် အလိုအလျောက် ပိတ်ဆို့တားဆီးနေတယ်လို့ ရှင်းပြပါတယ်။

ယင်းစောင့်ကြည့်ထိန်းချုပ်မှုများမှတစ်ဆင့် ၂၀၂၆ ခုနှစ် ဇူလိုင် (၃၀) ရက်အထိ လောင်းကစားနှင့်ဆက်စပ်၍ သံသယဖြစ်ဖွယ် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ် (၃၉၀,၉၇၈) ခုကို အပြီးတိုင်ပိတ်သိမ်းထားပြီးဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အွန်လိုင်းလောင်းကစားမှုများနှင့်ပတ်သက်၍လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အမှု ၁၁ မှုတွင် အမျိုးသား (၂၂) ဦးနှင့် အမျိုးသမီး (၇) ဦး စုစုပေါင်း (၂၉) ဦးကို ဖမ်းဆီးအရေးယူထားသည့်အပြင် လောင်းကစားမှု (၃၅၈) မှုမှ အမျိုးသား (၃၆၈) ဦးနှင့် အမျိုးသမီး (၂၃၃) ဦး စုစုပေါင်း (၅၀၃) ဦးကိုလည်း ဖမ်းဆီးအရေးယူထားတယ်လို့လည်း ထုတ်ပြန်ပြောဆိုပါတယ်။

လောင်းကစားရန် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် SMS ပေးပို့ခြင်းများကို တွေ့ရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complain@ptd.gov.mm သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း ဝန်ကြီးက ထည့်သွင်းအသိပေးပြောကြားပါတယ်။

#လောင်းကစား

#ဖုန်းကဒ်

#SMS

#ဆက်သွယ်ရေး

#ရန်ကုန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin