၂၆ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)
ဗကြီး
ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၃ ခုမှာ သြဂုတ်လ (၂၁)ရက်က ဒေသဆိုင်ရာ အစိုးရရုံးများအား မီးရှို့တိုက်ခိုက်မှု ကားတာယာများ မီးရှို့မှုနဲ့ ဗုံးခွဲတိုက်ခိုက်မှုများ အကြိမ် (၅၀)ကျော် ဖြစ်ပွားခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့က မလေးရှား-ထိုင်း နယ်စပ်တလျောက် လုံခြုံရေး တိုးမြှင့် ချထားလိုက်ပါတယ်။
မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် တန်သီရိမိုဟာမက်ခါလစ်က အများပြည်သူတွေအနေနဲ့ ပဋိပက္ခဖြစ်ပွားရာနေရာတွေနဲ့ ဝေးဝေးနေကြဖို့ တိုက်တွန်းထားပြီး တင်းမာမှု အရှိန်မြင့်တက်နေတာကြောင့် ဘေးအန္တရာယ်ကင်းရေး စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောကြားပါတယ်။
မိမိတို့ စိုးရိမ်မှုများရှိနေတာကြောင့် နယ်စပ်လုံခြုံရေး ထိန်းချုပ်မှုအား တိုးမြှင့်ထားကြောင်း မလေးရှားအာဏာပိုင်များကလည်း အဆိုပါဒေသများသို့ မကြာခဏ သွားရောက် စစ်ဆေးနေကြောင်း အစိုးရအရာရှိများက ပြောကြားပါတယ်။
လက်ရှိ လုံခြုံရေးဆိုင်ရာ တင်းမာမှုများမြင့်တက်နေတဲ့ အခြေအနေအရ မိမိတို့ ပြည်သူတွေ ခရီးသွားလာရခက်ခဲနေပြီးယခုလို အချိန်မှာပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေကို ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။
ဒါဟာ အကောင်းဆုံးဖြေရှင်းမှု နည်းလမ်းဖြစ်တယ်လို့ မလေးရှားအရာရှိတွေက ပြောကြားပါတယ်။
ထိုင်းတောင်ပိုင်းမှာ တိုက်ခိုက်မှုအများအပြား ဖြစ်ပွားခဲ့ပြီးနောက် မလေးရှားက သူတို့ရဲ့ ထိုင်းနယ်စပ်ကို လုံခြုံရေးတင်းကြပ်လိုက်တာ ဖြစ်ပါတယ်။
ထိုင်းတောင်ပိုင်းမှာ မွတ်စလင်ခွဲထွက်ရေးသမားတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး ကြိုးပမ်းနေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါတယ်။

