၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံသားတွေကို တာချီလိတ် နယ်စပ်ဂိတ်ပေါက်ကတဆင့် (၁၄)ရက်နေထိုင်ခွင့် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့ ကျိုင်းတုံမြို့အထိ လည်ပတ်ခွင့်ပြုဖို့ အစီအစဉ်တွေရှိနေတယ်လို့ အရှေ့သံလွင် သတင်းဌာနစုံစမ်းသိရှိရပါတယ်။
ကျိုင်းတုံ တာချီလိတ်မြို့နယ်အတွင်းရှိ ခရီးသွား လည်ပတ်လို့ရတဲ့ နေရာတွေဖြစ်တဲ့ မိုင်းဖုန်းဆရာတော်ကျောင်း၊ ကျိုင်းတုံမြို့တွင်းက နေရာတွေ လည်ပတ်နိုင်ဖို့ (၁၃)ရက်အိပ်(၁၄)ရက်နေထိုင်ခွင့်စာ အုပ်(BP)အပါအဝင် (EP) စာအုပ်နဲ့ပါ လွယ်ကူစွာ ဝင်ရောက်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက စီစဉ်ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။
“ကျွန်တော်တို့လည်း သတင်းတွေကြားနေပါတယ်။ (EP)နဲ့ ဝင်ခွင့်တော့ အခုလည်း ပေးနေပါတယ်။ (BP)စာအုပ်နဲ့ ခွင့်ပြုမယ်လို့တော့ ကြားနေတယ်။ ညွှန်ကြားချက်တိတိကျကျတော့ မလာသေးဘူး”လို့ တာချီလိတ် လူဝင်ကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံသားတွေကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ မြို့နယ်အတွင်း (BP/EP)စာနဲ့ ဝင်ရောက်လည်ပတ်ခွင့်ကို ယခင်က ခွင့်ပြုခဲ့ပေမယ့် ကိုဗစ်ကာလနောက်ပိုင်း ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားတွေကို ဝင်ရောက်ခွင့်ပြုထားတဲ့ (BP) နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဆိုတာဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း နေထိုင်သူတွေကို ထုတ်ပေးထားတဲ့ (၁၃)ရက်အိပ်၊ (၁၄)ရက် နေထိုင်ခွင့်ရတဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး (EP) ဆိုတာဟာ ထိုင်းနိုင်ငံသားတွေရဲ့ Passport စာအုပ်မူရင်းကို ချစ်ကြည်ရေးတံတားပေါ်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာဆီ အပ်နှံထားခဲ့ပြီး (EP)လက်မှတ်ထုတ်ပေးလိုက်ပြီး လည်ပတ်ခွင့်ပြုတဲ့ လက်မှတ်လို့ သိရပါတယ်။
တာချီလိတ် နယ်စပ်ပေါက်က ဝင်ရောက်လာမယ့် ထိုင်းနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံထုတ် ခရီးသွားလာရေးကားတွေနဲ့ အုပ်စုလိုက် ဝင်ရောက်ခွင့်ပြုမည်ဖြစ်သော်လည် ယာဉ်မောင်းကိုတော့ မြန်မာယာဉ်မောင်း ပြောင်းလဲအသုံးပြုဖို့ စီစဉ်နေတယ်လို့လဲ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တာချီလိတ်မြို့ကို ယဉ်ကျေးမှုနဲ့ ဟိုတယ်၊ ခရီး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တာချီလိတ်ကို ရောက်ရှိခဲ့ချိန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်အခါက ထိုင်းနိုင်ငံသားတွေကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့အထိ လွယ်ကူစွာ လာရောက်လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ဖို့ ရှိတယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

