၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
YMBA အသင်းရုံးထဲက အမျိုးသားတစ်ဦးကို အကြမ်းဖက်ရိုက်နှက်မှုမှာပါ၀င်သူလို့ သံသယရှိသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးရရှိထားပြီဖြစ်ကြောင်း YMBA အတွင်းရေးမှူး ဦးမောင်မောင်ညွန့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် အသိပေးရေးသားထားပါတယ်။
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးရှိ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရဲ့ ဗဟိုရုံးခန်းအတွင်း ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က ဦးမောင်မောင်ညွန့်ဆိုသူကို အမျိုးသား (၄)ဦး က၀င်ရောက်ရိုက်နှက်ခဲ့တဲဖြစ်စဥ် ဖြစ်ပွားခဲ့တာပါ။
ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်နဲ့ တိုင်းအတွင်းရေးမှူးတွေ ရှိနေချိန် အမည်မသိ အမျိုးသား (၄)ဦးက ဦးမောင်မောင်ညွန့်ဆိုသူအား ဝင်ရောက်တိုက်ခိုက် ရိုက်နှက်ခံရမှုကို (၆) ရက်အကြာမှာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
YMBA (ဗဟို) အတွင်းရေးမှူးအားအကြမ်းဖက်ရိုက်နှက်ခဲ့မှုမှ သံသယရှိသူတွေကို( ၄ )ဦးလုံးကိုCCTV မှတ်တမ်းမှတဆင့် စုံစမ်းထောက်လှမ်းရာမှ ဖမ်းဆီးမိခဲ့တာလို့သိရပါတယ်။
ဖြစ်စဉ်အတွင်း ဦးမောင်မောင်ညွန့်ဟာ ကြိုးတုပ်ပြီး ရိုက်နှက်ထားခံရမှုကြောင့် ညာဘက်မျက်လုံးဖူးယောင် ပေါက်ပြဲဒဏ်ရာ၊အပေါ်သွားနာကျင်၊ ခါးနာကျင်ဒဏ်ရာများရခဲ့ပြီး ဒဂုံရဲစခန်း၌ အမှုဖွင့်ထားခဲ့ရာကနေ အခုသံသယရှိသူတွေကို ဖမ်းဆီးရရှိမိခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ချိန်မှာ ရုံးထဲမှာ ဦးမောင်မောင်ညွန့်နဲ့အတူ တိုင်းအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်၊ ဦးထူးဟန်နဲ့ ဦးတင်ဆန်းတို့လည်း ရှိနေခဲ့ပါတယ်။ အမျိုးသား ၄ ယောက်က သေနတ်ပြပြီး ဦးမောင်မောင်ညွန့်ကို တိပ်နဲ့ပတ်ကာ ရိုက်နှက်ခဲ့ချိန်မှာတော့ အတူရှိနေတဲ့ ၃ ယောက်က ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
YMBA အတွင်းရေးမှူးဆိုသူ ဦးမောင်မောင်ညွန့်ကို အမျိုးသား၄ဦးက ၀င်ရောက်ရိုက်နှက်ရခြင်းအကြောင်းအရင်းကိုလည်း အရှေ့သံလွင်သတင်းဌာနက လတ်တလောအတည်ပြုနေဆဲဖြစ်ပါတယ်။
ဖမ်းဆီးရရှိမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

