၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှာရှိတဲ့ ပေါက်စိမ်းသာမဏေကျော် စာသင်တိုက်မှာ ဒီကနေ့ သြဂုတ်လ (၂၆)ရက် နေ့လယ်ပိုင်းက စာသင်သား ကိုရင်တွေ အစာအဆိပ်သင့်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မြို့ခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒီကနေ့ နေ့လယ် (၁၁)နာရီဝန်းကျင်ခန့်က သံဃာတော်တွေ နဲ့ ကိုရင်တွေ နေ့ဆွမ်းဘုန်းပေးအပြီးမှာ စာသင်သား ကိုရင်နဲ့သံဃာတော် (၉၆) ပါး အစာအဆိပ်သင့် ခဲ့တာဖြစ်ပြီးဆေး ရုံကိုပို့ထားရတယ်လို့ သိရပါတယ်။
“အစာအဆိပ်သင့်ပြီး မူးဝေ အော့အန်ကုန်တာ။ ကျောင်းမှာတချို့နဲ့ ဆေးရုံကြီးနဲ့ ကျောက်မီးဆေးရုံကို ခွဲပြီး ပို့ထားရတယ်။ အခြေအနေတည်ငြိမ်နေပါပြီ။ မစိုးရိမ်ရပါဘူး” လို့ ဖြစ်စဉ်ကိုသိရှိသူ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ကိုရင်တွေကို မန္တလေးဆေးရုံကြီးသို့ အပါး (၃၀)၊ ကျောက်မီးဆေးရုံမှာ (၄၆)ပါး ပို့ဆောင်ပေးခဲ့ရပြီး စာသင်တိုက်တွင် ကိုရင်အပါး (၂၀) ဆေးကုသမှုခံယူနေကာ ကျောက်မီးဆေးရုံးက ကိုရင်အပါး (၄၀) ဆေးရုံပြန်ဆင်းလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ပေါက်စိမ်းသာမဏေကျော် စာသင်တိုက်ဟာ ကိုရင်ငယ်တွေကို အခြေခံကစတင်ကာ သာမဏေကျော်ဘွဲ့ရတဲ့အထိ သင်ကြားပေးနေတဲ့ စာသင်တိုက်တစ်ခုဖြစ်ပြီး လက်ရှိမှာ စာသင်သားကိုရင်အပါး (၁၆၀) ကျော်ရှိတယ်လို့ သိရပါတယ်။

