Language:

အိုက်စ်မူးယစ်ဆေး ကီလို(၃၀၀) ကျော်နှင့် မြန်မာနိုင်ငံသား (၃)ဦး ဖမ်းဆီးရမိ


အိုက်စ်မူးယစ်ဆေး ကီလို(၃၀၀) ကျော်နှင့် မြန်မာနိုင်ငံသား (၃)ဦး ဖမ်းဆီးရမိ

၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

ထိုင်းနိုင်ငံ ဖိချစ်ပြည်နယ် ဝချိရဘာရီခရိုင်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် မော်တော်ယာဉ် (၂)စီးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၃) ဦးနှင့်အတူ အိုက်စ် (Ice) မူးယစ်ဆေးဝါးဟု ယူဆရသည့် အဖြူရောင်အမှုန်အခဲ စုစုပေါင်း ကီလို(၃၀၀)ကျော်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားပါတယ်။

ဘန်နာစစ်ဆေးရေးဂိတ်တွင် တာဝန်ကျရဲများက သံသယဖြစ်ဖွယ် ယာဉ်(၂)စီးကို တွေ့ရှိရာမှ ထိုကားနှစ်စီးသည် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းရန် လမ်းကြောင်းပြောင်းမောင်းနှင်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရန် ကြိုးပမ်းခဲ့သော်လည်း ယာဉ်များက အရှိန်မြှင့်မောင်းနှင်ကာ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ထွက်ပြေးသွားခဲ့ပြီး အဝေးပြေးလမ်းမကြီးဘက်သို့ ဦးတည်သွားခဲ့တာကြောင့် ရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ပြီး နောင်ဟူချန်းကျေးရွာသို့ ဝင်သည့် လမ်းဆုံအနီးတွင် ရှေ့ပြေး Hondaကားကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

Honda ကားကို အသက် (၂၅) နှစ်အရွယ် မြန်မာနိုင်ငံသား ရှမ်းလူမျိုး ဆူရချိုင်က မောင်းနှင်တာဖြစ်ပြီး မိုဘိုင်းဖုန်းတွင် စာပို့အက်ပ်မှတစ်ဆင့် အခြားသူများနှင့် အဆက်မပြတ် ဆက်သွယ်နေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရပြီး နောက်မှလိုက်လာသည့် Toyota ပစ်ကပ်ကားကိုလည်း ဘွင်းဘွာဒေသရှိ စတိုးဆိုင်တစ်ဆိုင်ရှေ့တွင် ရဲများက တားဆီးနိုင်ခဲ့ကာ ကားအတွင်းမှ မြန်မာနိုင်ငံသား ရှမ်းလူမျိုး ဂျိုင်ဝန်နှင့် ဂျိုင်အူတို့ကို ထပ်မံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ယာဉ်များကို ရှာဖွေစစ်ဆေးရာတွင် ဓာတ်မြေဩဇာအိတ်များကို အနက်ရောင်တိပ်ဖြင့် ပတ်ကာ ကျောပိုးအိတ်ပုံစံ ပြုလုပ်ထားသည့် အိတ် (၁၀)အိတ်ကို တွေ့ရှိခဲ့ပြီး အိပ်များအတွင်းမှ အိုက်စ်မူးယစ်ဆေးဝါး ကီလိုဂရမ် (၃၀၀)ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကာ ဖမ်းဆီးခံရသူများရဲ့ ထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို ချင်းမိုင်ခရိုင် နယ်စပ်ဒေသမှတစ်ဆင့် သဘာဝတောလမ်းများနှင့် ပင်မလမ်းကြောင်းများအတိုင်း သယ်ဆောင်လာခြင်းဖြစ်ပြီး ချိုင်နတ်ခရိုင် ဆန်ဖယာ မြို့နယ်ရှိ အခြားမူးယစ်ကွန်ရက်ထံ လွှဲပြောင်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် ဖမ်းဆီးရမိသူ (၃) ဦးနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများကို စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းထားပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်နေသလို ဖြစ်စဉ်နောက်ကွယ်ရှိ မူးယစ်ဆေးဝါးကွန်ရက်နှင့် ပူးပေါင်းပါဝင်သူများကိုပါ ဆက်လက်ဖော်ထုတ်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

#မှုခင်း

#မူးယစ်ဆေးဝါး

#မြန်မာနိုင်ငံသား

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin