၂၆ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)
NPW
ဗီဇာစည်းကမ်း ချိုးဖောက်နေထိုင်တဲ့ နိုင်ငံခြားသားတွေ လျော့နည်းပပျောက်ရေးနဲ့ ဆက်လက်စည်းကမ်းချိုးဖောက်နေတဲ့ နိုင်ငံခြားသားတွေကို မည်သို့ စီမံဆောင်ရွက်သည်ကို သိရှိလိုကြောင်းကို သြဂုတ် ၂၄ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ သာကေတမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)က ဦးလှဝင်းမောင်က မေးမြန်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ပြည်ဝင်ခွင့်ဗီဇာကို ၁၄ မျိုး သတ်မှတ်ထားပြီး မြန်မာနိုင်ငံအတွင်း ရောက်လာတဲ့ နိုင်ငံခြားသားတွေဟာ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေအပိုဒ် ၁၄(၁)၊ ၁၄(၇)၊ ၁၄(၈)အရ သတ်မှတ်စည်းကမ်းနဲ့အညီ Form(C) ခေါ် ပုံစံ(ဂ)နဲ့ သက်ဆိုင်ရာ လဝကရုံးကို ဧည့်စာရင်း တိုင်ကြားရမှာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာလှည့်ဗီဇာ၊ ကင်းလွတ်ခွင့်ဗီဇာ၊ အခမဲ့ထုတ်ပေးတဲ့ဗီဇာ၊ ဘာသာရေးဗီဇာ၊ တရားဘာဝနာအားထုတ်ခွင့်ဗီဇာ၊ သတင်းမီဒီ ယာဗီဇာ၊ ပညာရေးဗီဇာ၊ လူမှုရေးဗီဇာ၊ စီးပွားရေးလုပ်ငန်းဗီဇာ၊ ဆိုက်ရောက်ဗီဇာ စတဲ့ ဗီဇာ(၉)မျိုးမှာ ရပ်ကွက်၊ နေအိမ်တွေ မှာ နေထိုင်ခွင့်မရှိဘဲ ဟိုတယ်၊ တည်းခိုခန်းနဲ့ သတ်မှတ်ထားတဲ့ တရားရိပ်သာ၊ တည်းခိုနေထိုင်ခွင့်ရှိတဲ့နေရာတွေမှာပဲ တည်း ခိုနေထိုင်ရမှာဖြစ်ပြီး ခိုင်လုံတဲ့အထောက်အထားနဲ့ သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးကို ၂၄ နာရီထက် နောက်မ ကျဘဲ သတင်းပို့တိုင်ကြားရမှာဖြစ်ကာ ပုံစံ(ဂ) သို့မဟုတ် Form(C) ရယူထားရမယ်လို့ ဥပဒေမှာပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့ ကိုယ်စားလှယ်က ပြောပါတယ်။
“ ဒီလိုပြဋ္ဌာန်းပြီးဖြစ်ပေမယ့် အချို့နိုင်ငံခြားသားတွေဟာ သတ်မှတ်ထားတဲ့နေရာမှာ တည်းခိုခြင်းမရှိဘဲ နေအိမ်တွေမှာတည်း ခိုပြီး Form(C)တိုင်ကြားမှုမရှိလို့ ၎င်းတို့ထံကရမယ့် နိုင်ငံခြားငွေတွေ မရတဲ့အတွက် နိုင်ငံတော်အနေနဲ့ နိုင်ငံခြားသုံးငွေ နစ် နာနေရပါတယ်။ သတ်မှတ်ဟိုတယ်မှာ တည်းခိုပေမယ့်လည်း သက်ဆိုင်ရာဟိုတယ်က အုပ်စုလိုက်လာတဲ့ နိုင်ငံခြားသား၊ တစ်ဦးချင်းလာတဲ့ နိုင်ငံခြားသားတွေနေရာမှာ နိုင်ငံခြားသားအမည် ရေးသွင်းခြင်းမရှိဘဲ နိုင်ငံသားတစ်ဦးရဲ့ အမည်ကို ရေး သွင်းပြီး သတ်မှတ်ဒေါ်လာတွေ၊ နိုင်ငံခြားသုံးငွေတွေကို အလွဲသုံးစား ပြုလုပ်လျက်ရှိပါတယ် ” လို့ ဦးလှဝင်းမောင်က ဆို ပါတယ်။
အခုလို မြန်မာနိုင်ငံသားအမည် ရေးသွင်းထားလိုက်တဲ့အတွက် သက်ဆိုင်ရာမြို့နယ်လဝကရုံးကို တိုင်ကြားစရာမလိုတော့ဘဲ ရပ်ကွက်၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေကို အွန်လိုင်းမှတစ်ဆင့် ပေးပို့နေကြသလို စက်မှုဇုန်တွေမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကလည်း စက်မှုဇုန်နဲ့နီးစပ်ရာ မြို့နယ်တွေမှာ ငှားရမ်းနေထိုင်ပြီး သက်ဆိုင်ရာ မြို့နယ်လဝကရုံးကို ဧည့်စာရင်းပေးပို့ တိုင်ကြားခြင်း မရှိတဲ့အတွက်ကြောင့် တရားဝင်ရမယ့် အခွန်ငွေတွေ နစ်နာနေတယ်လို့လည်း ပြောပါတယ်။
“ ဒီလိုပဲ ကွန်ဒိုတစ်ခုလုံးနီးပါး နိုင်ငံခြားသားတွေ ငှားရမ်းနေထိုင်ပြီး သက်ဆိုင်ရာ လဝကရုံးကို ဧည့်စာရင်းတိုင်ကြားခြင်းမရှိကြောင်း တွေ့ရှိရပါတယ် ” လို့ ဦးလှဝင်းမောင်က ဆိုပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ဗီဇာစည်းကမ်းချိုးဖောက်မှုနဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံခြားသား ၂၁ ဦးရှိပြီး ပြည်နှင်ပြီးသူ ၃၄ ဦးရှိကြောင်း၊ ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ဧပြီမှ မေလအထိ ပထမ ၄ လတာ ကာလအတွင်း ဗီဇာ စည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားတဲ့ နိုင်ငံခြားသား ၆ ဦးရှိရာ ၁ ဦးမှာ ပြစ်ဒဏ်ကျခံနေရပြီး ကျန် ၅ ဦးမှာ အမှုရင် ဆိုင်နေဆဲဖြစ်ကာ အဆိုပါကာလအတွင်း Blacklist စာရင်းသွင်းပြီး ပြည်နှင်ဆောင်ရွက်ပြီးသူ (၇) ဦးရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရပ်ကွက်၊ နေအိမ် သတ်မှတ်နေရာတွေမှာ တည်းခိုနေထိုင်သူတွေမှာ လူမှုရေးဗီဇာဖြင့် ဝင်ရောက်လာသူတွေဖြစ်ပြီး အိမ်ရှင် သို့မဟုတ် အာမခံသူက နိုင်ငံခြားသား ရောက်ရှိကြောင်း အစီရင်ခံစာ Form(C) ကို ဖြည့်စွက်ကာ ၂၄ နာရီအတွင်း သက်ဆိုင် ရာမြို့နယ်လဝကဦးစီးမှုးရုံးမှာ တိုင်ကြားရမည်ဖြစ်ပြီး လူမှုရေးဗီဇာမှအပ အခြားဗီဇာဖြင့် ဝင်ရောက်ကာ ရပ်ကွက်၊ နေအိမ် သတ်မှတ်နေရာတွေမှာ ရောက်ရှိနေထိုင်ခြင်း ရှိ မရှိကို ပူးပေါင်းအဖွဲ့တွေနဲ့ ပုံမှန် စိစစ်ဆောင်ရွက်နေတယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆိုပါတယ်။
ဟိုတယ်၊ ကွန်ဒိုနဲ့ နေအိမ်တွေမှာ မမှန်မကန် စာရင်းသွင်းတိုင်ကြားမှုတွေကို အမည်၊ နေရာနဲ့တကွ တိတိကျကျ မေးမြန်းပါ က အသေးစိတ်စိစစ်ပြီး မှန်ကန်ပါက အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

