Language:

လာအိုနိုင်ငံသို့ တရားဝင်နယ်စပ်ဂိတ်ရှိနေသော်လည်း တရားမဝင်အောက်လမ်းမှ ခိုးကူးနေမှုသာများနေ


လာအိုနိုင်ငံသို့ တရားဝင်နယ်စပ်ဂိတ်ရှိနေသော်လည်း တရားမဝင်အောက်လမ်းမှ ခိုးကူးနေမှုသာများနေ

၁၄ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာရှိ မဲခေါင်မြစ် ဝမ်ပုံဆိပ်ကမ်းတွင် မြန်မာ-လာအို နှစ်နိုင်ငံအကြား တရားဝင် ဝမ်ပုံ-ဘန်မောင်နယ်စပ်ဂိတ်ကို ဇူလိုင် (၁၆) ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပေမယ့် ယခုအချိန်မှာ နှစ်နိုင်ငံအကြား တရားမဝင်အောက်လမ်းကနေ ခိုးကူးဝင်ထွက်နေမှုများ ရှိနေသေးတယ်လို့ စက်လှေမောင်းနှင်းသူတွေက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။

မြန်မာပြည်အနှံအပြားက လာအိုကို လာရောက်အလုပ်လုပ်ကိုင်တဲ့သူတွေကို အလုပ်ပွဲစားများက စီစဉ်ပေးမှုနဲ့ တာချီလိတ်မြို့ကိုရောက်ရှိလာပြီး တာချီလိတ်ကနေ လာအိုနိုင်ငံ ကာစီနို အထူးစီးပွားရေးဇုန်အထိ လူတစ်ဦးကို ကျပ် (၂) သိန်းခွဲကျော် ‌ပေးရကာ ကာစီနိုရုံကနေ တစ်ဆင့် မြို့တော်ဗီယန်ကျင်းအထိ ကို တရုတ်ယွမ် (၃,၅၀၀)ကို ပွဲစားများကို ထပ်မံပေးရကြောင်း အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

“အကိုတို့က တရားဝင်ဖွဲ့ထားတဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ သွားရမယ်။ ဒါပေမဲ့ သူတို့က အကိုတို့ဆီ မလာဘူး။ တချို့ဌာနဆိုင်ရာတွေလည်း ပါတယ်။ သူတို့မသိဘဲနဲ့ သွားလို့မရဘူးလေ။ ဖြစ်စေချင်တာက အဲဒီလူတွေကို အန္တရာယ်ကင်းကင်းနဲ့ တရားဝင်လမ်းကြောင်းကနေ သွားစေချင်တယ်” လို့ ဝမ်ပုံဒေသခံ စက်လှေမောင်းသူတစ်ဦးက ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၀မ်ပုံကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသခံများ တင်ပြချက်အရ ဝမ်ပုံ-ဘန်မောင်ဂိတ်ဆိပ်ကမ်းက ဖြတ်သန်းသွားလာတဲ့ ခရီးသည်တွေကို ဝမ်ပုံ လဝကမှ တစ်ဦးကို ဘတ်(၂၀၀)နဲ့ ဝမ်ပုံ ရဲကင်းတပ်ဖွဲ့က ဘတ်(၂၀၀)စီ ငွေကြေးပိုတောင်းနေမိမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ကြပ်မတ်ညှိနိုင်းပေးခဲ့‌ကြောင်းသိရှိရပါတယ်။

ဝမ်ပုံဆိပ်ကမ်းက တစ်ဆင့် လာအိုနိုင်ငံကို တရားမဝင် ခိုးကူးဝင်ထွက်နေမှုများနဲ့ပတ်သတ်ပြီး သက်ဆိုက်ရာတာဝန်ရှိသူများအနေနဲ့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရန် ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ဝမ်ပုံဆိပ်ကမ်းမှ လာအိုနိုင်ငံ ဘမ်မောင်းဆိပ်ကမ်းသို့ သွားရောက်ရန်မှာ ဝမ်ပုံ လူဝင်မှုကြီးကြပ်ရေးရုံးမှာ တရားဝင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)ကဒ်လုပ်ခ တစ်ဦးကို ကျပ်(၁၀၀၀)နှင့် မဲခေါင်မြစ်ကို စက်လှေနဲ့ဖြတ်သန်းခ ဘတ်(၂၀၀)သာ ကျသင့်တာဖြစ်တယ်လို့ သိရှိရပါတယ်။

ပွဲစားများရဲ့ အလုပ်ခေါ်ယူမှုများကြောင့် ညအချိန် တရားမဝင်အောက်လမ်းကနေ ခိုးကူးဝင်ထွက်နေသူ အများစု လာအိုနိုင်ငံအတွင်းရှိ ကာစီနိုလုပ်ငန်းများ၊ အွန်လိုင်းလုပ်ငန်းများနှင့် အခြားအလုပ်အကိုင်များတွင် တရားမဝင်သွားရောက်လုပ်ကိုင်ရန်ဖြစ်ကြောင်းသိရှိရပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလက ည (၂) နာရီ အချိန်တွင် ဝမ်ပုံဆိပ်ကမ်းကနေ လာအိုနိုင်ငံကို တရားမဝင်အောက်လမ်းကနေ လူအယောက် (၂၀)ကျော် ပါတဲ့ စက်လှေတစ်စီး မဲခေါင်မြစ်အလယ်တွင် အလေးချိန်မထိန်းနိုင်လို့ စက်လှေတိမ်းမှောက်ရာ သေဆုံးသူ (၁၂) ဦးရှိခဲ့ပြီး ကျန်တဲ့ သူတွေမှာ အခုချိန်ထိပျောက်ဆုံးနေဆဲဖြစ်ပြီး၊ စက်လှေမောင်းသူက နေရာမှာ အသက်ဘေးမှလွှတ်မြှောက်ပြီး အခုချိန်ထိ ထွက်ပြေးလွှတ်မြှောက်နေဆဲဖြစ်တယ်လို့သိရှိရပါတယ်။

#နယ်စပ်ဂိတ်

#တရားမဝင်လမ်းကြောင်း

#စက်လှေ

#ဝမ်ပုံ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin