၁၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ရန်ကုန်က မြို့နယ်တချို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု မြင့်မားနေပြီး ရန်ကုန်ဆေးရုံကြီးနဲ့ ပုဂ္ဂလိကဆေးရုံတချို့မှာ လူနာရာနဲ့ချီ တင်ထားရတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မြိုလည် လသာ၊ ပန်းဘဲတန်းနဲ့ လမ်းမတော်မြို့နယ်တွေမှာ အဆိုပါရောဂါဖြစ်ပွားသူ အမြောက်အများရှိနေပြီး မနေ့က ဩဂုတ်လ (၁၁)ရက် တစ်ရက်တည်း လူနာ(၃၉) ဦး ရန်ကုန်ဆေးရုံကြီးကို တင်ခဲ့ရတယ်လို့ လသာမြို့နယ်က လူနာတင်ယာဉ် မောင်းနှင်သူတစ်ဦးက အရှေ့သံလွင်ကိုပြောပါတယ်။
” ၁၀၀ ကျော်ပြီ ၊ မနေ့ကပဲ ၃၉ ယောက်။ အခြားမြို့နယ်တွေလည်း ဖြစ်နေတယ်” လို့ ၎င်းက ဆိုပါတယ်။
မနေ့က ဆေးရုံတင်ရတဲ့ လူနာတွေဟာ လသာတစ်မြို့နယ်တည်းကဖြစ်ပြီး ဒီရောဂါနဲ့ပတ်သက်လို့ ရန်ကုန်ဆေးရုံကြီးမှာ GE case Tent ဖွင့်လှစ်ကုသဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ရန်ကုန်ဆေးရုံကြီးအပြင် ဗဟိုစည် ၊ အောင်ရတနာတို့လို ပြင်ပဆေးရုံတွေမှာလည်း အဲဒီရောဂါဖြစ်ပွားသူတွေ ရှိနေပြီး အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတမြို့နယ်တွေမှာလည်း ဝမ်းပျက်ဝမ်းလျှောရော ဂါဖြစ်ပွားမှုတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်ကုန်ဆေးရုံကြီး၊ ကလေးဆေးရုံနဲ့ အခြားဆေရုံတွေမှာ လူနာဧည့်တွေခွင့်တားမြစ် ထားပြီး ပြင်ပကလာရောက်ကာ အစားအသောက် လှူဒါန်းခွင့်ကိုလည်း ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒီရောဂါနဲ့ပတ်သက်ပြီး သေဆုံးမှုတစ်စုံတရာမကြားရသေးပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး သတိပေးနှိုးဆော်ချက်ကို မနေ့က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

