၁၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မှာဒေသတွင်း ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ လာမယ်နှစ်မှာ အစားအသောက်ပြပွဲ (Food Fear) ကျင်းပမယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ယခင်နှစ် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရေးနှင့် ဟိုတယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံအနှံအပြားက တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှု အစားအစာတွေကို ရန်ကုန်နဲ့ မန္တလေး(၂)မြို့မှာ စားအသောက်ပြပွဲ (Food Fare)ကို ကျင်းပခဲ့တာဖြစ်ပါတယ်။
တာချီလိတ်မြို့ ဟိုတယ်တာချီလိတ်မှာ ကျင်းပပြုလုပ်တဲ့ ဒေသခံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ပြည်ထောင်စု ဝန်ကြီးတွေ့ဆုံပွဲမှာ ဝန်ကြီးက အစားအစာပြပွဲ (Food Fare) ကျင်းပမယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
“လာမယ့် (၂၂)ရက်မှာ မန္တလေးမှာလုပ်မယ့် နောက်ထပ်တစ်နေရာကိုတော့ တာချီလိတ်ကို ကျွန်တော်ရည်မှန်းထားတယ်။ Food Fare က ဒီဒေသကထွက်တဲ့ အစားအသောက်တင်မကဘူး မြန်မာနိုင်ငံထဲကလာမယ့် တိုင်းရင်းသားရိုးရာ အစားအစာတွေကို ဒီမှာရှိနေတဲ့ ဒေသအစားအစာတွေနဲ့ ပေါင်းစပ်လိုက်ရင် တော်တော်လေးကောင်းပြီး ရသမြောက်မှာ”လို့ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။
လာမယ့်နှစ်မှာတော့ တာချီလိတ်မြို့ကို ရွေးချယ်ထားပြီး ဒေသတွင်းအစားအစာနဲ့ ပြည်တွင်းက တိုင်းရင်းသားတွေရဲ့ အစားအစာကို ခင်းကျင်းပြသနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်း တတိယနိုင်ငံသားတွေ ဝင်ရောက်လည်ပတ်နိုင်ဖို့ နေရာတွေမှာ မိုင်းဖုန်းဆရာတော်ရဲ့ သာသနာ့နယ်မြေအပြင် ကျိုင်းတုံက ရှေ့ဟောင်းဘုရားနှင့် ဘုန်းကြီးကျောင်းများရှိပြီး ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာနေထိုင်မှု ပုံစံများစွာရှိတဲ့အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်က လိုအပ်ချက်များကို ဖြည့်စည်းဆောင်ရွက်ပေးသွားမယ်လို့လည်း ဝန်ကြီးကပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးအပါအဝင် ရှမ်းပြည်နယ်ဝန်ကြီး၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတို့ဟာ သြဂုတ်(၉)ရက်နေ့က မိုင်းဆတ်မြို့နယ်အတွင်းက အူးဖူဒေ့ကျေးရွာမှာပြုလုပ်တဲ့ အာခါတိုင်းရင်းသားတို့ရဲ့ ရိုးရာဒါန်းစီးပွဲကို လာရောက်ကြည့်ရှုပြီး ဒေသတွင်း နိုင်ငံတကာ မဲခေါင်မြစ်ဆိပ်နဲ့ ကျိုင်းလပ်မြို့က လာအို-မြန်မာ ချစ်ကြည်ရေးတံတား မဲခေါင်မြစ်ကူးတံတားကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရှိရပါတယ်။

