၁၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
မန္တလေးတိုင်း ညောင်ဦးမြို့ရှိ ရပ်ကွက်အချို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်နေသဖြင့် အရေးပေါ် ရွှေ့ပြောင်းပေးနေရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ ဩဂုတ်လ (၁၁) ရက် မနက်ပိုင်းကစတင်ပြီး ညောင်ဦးမြို့ အမှတ်(၂)ရပ်ကွက် ယွန်းတန်းရပ်နှင့် အမှတ်(၅)ရပ်ကွက် ရေဝင်ရပ်တို့တွင် ရေဝင်ရောက်နေတဲ့အတွက် ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဝင်ရောက်နေသော အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။
မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆည်ရေနဲ့ မြစ်ရေဝင်ရောက်မှုကြောင့် ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေလည်း ဖွင့်လှစ်ထားရပါတယ်။
လက်ရှိမှာ မန္တလေးတိုင်းအတွင်းက မတ္တရာ၊ အမရပူရ၊ ကျောက်ဆည်နဲ့ ညောင်ဦးမြို့နယ်တွေက ကျေးရွာတွေမှာ ရေဘေးဒဏ်ခံနေရပြီး ဒေသခံသောင်းနဲ့ချီကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေနဲ့ ဒုဌဝတီမြစ်ရေတွေဟာ ဆက်လက် မြင့်တက်လာဖို့ရှိနေပြီး မိုးလည်းဆက်ကောင်းနေနိုင်တာကြောင့် မန္တလေးတိုင်းအတွင်းမှာ ရေဘေးသင့်ဧရိ ယာပိုမိုကျယ်ပြန့်လာနိုင်သလို ရေဘေးသင့်ပြည်သူအရေအတွက်လည်း ထပ်မံတိုးမြင့်လာနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – MFSD

