ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူတွေ မူးယစ်ဆေးသုံးစွဲမှုရှိနေဟု သမ္မတပြော
၁၁ သြဂုတ်လ၂၀၂၆(Eastern ThanLwin)
NPW
KG ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းတွင်းအာဟာရ တိုက်ကျွေးတာကို ၂၀၂၄-၂၅ ပညာသင်နှစ်က စတင်ခဲ့ပြီး ယခု ၂၀၂၆-၂၇ ပညာသင်နှစ်အတွက်လည်း ရန်ပုံငွေကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပေးခဲ့ပြီးဖြစ်သလို ထပ်မံ တိုးမြှင့်ချထားပေးသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သြဂုတ် (၁၀)ရက်က ပြုလုပ်တဲ့ ၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု(ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်တဲ့ သင်တန်းနဲ့ သုတေသနလုပ်ငန်းရဲ့ ၂၀၂၅ ခုနှစ် အတွင်း မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွေက အသက် (၁၃) နှစ်ကနေ (၁၇) နှစ်အတွင်း ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၅၅) ဦးကို ကျန်းမာရေးဆိုင်ရာအခြေအနေ ဆန်းစစ်ချက်အရ ကိုယ်အလေးချိန် လျော့နည်းတဲ့ ကျောင်းသား၊ ကျောင်းသူ (၂၃)ရာခိုင်နှုန်းနဲ့ အဝလွန်တဲ့ ကျောင်းသား၊ ကျောင်းသူ (၄ ဒဿမ ၅ )ရာခိုင်နှုန်းရှိပြီး ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်ပဲ တစ်ပတ်ကိုအနည်းဆုံး တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှု ရှိတယ်လို့လည်း သမ္မ တက ပြောပါတယ်။
ဒါ့အပြင် “ ကျောင်းသား၊ ကျောင်းသူ ဆယ်ပုံတစ်ပုံခန့်က စိတ်ဖိစီးမှုခံစားနေရပြီး ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်း သူတွေ E စီးကရက်(Vape) အပါအဝင် ဆေးလိပ်၊ အရက် ပါတဲ့ အဖျော်ယမကာနဲ့ မူးယစ်ဆေး စမ်းသပ်သုံးစွဲမှုတွေ ရှိနေတာကို လေ့လာတွေ့ရှိရတယ်”လို့လည်း သမ္မတ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။
ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်တဲ့ ကျောင်းတွေဖြစ်အောင် မူဝါဒချပြီးပေမယ့် လက်တွေ့မှာလည်း ဆေးလိပ်ကင်းစင်တဲ့ ကျောင်းတွေဖြစ်အောင်လုပ်ဖို့လိုပြီး ကျောင်းပတ်ဝန်းကျင် ပေ ၁၀၀ အတွင်း ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ ရောင်းချတာ၊ ကြော်ညာတာ၊ E စီးကရက်နဲ့ ဆက်စပ်ပစ္စည်းတွေ သုံးစွဲတာနဲ့ လက်ဝယ်ထားတို့ကိုလည်း ဥပဒေနဲ့ပိတ်ပင်ထားပြီးဖြစ်လို့ ဥပဒေနဲ့အညီ ကြပ်မတ်ဖို့နဲ့ အရေးယူဖို့ လိုတယ်လို့ ပြောပါတယ်။
ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းအလိုက် ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်တွေ ၂၀၂၂-၂၃ ပညာသင်နှစ်မှာ KG က စတင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်ကလေးတွေကိုပါ ဆောင်ရွက်ဖို့လိုတာကြောင့် ယခုပညာသင်နှစ်ကစတင်ပြီး Grade-12 အထိ စစ်ဆေးမှု လုပ်ဖို့ကိုလည်း သမ္မတက ပြောကြားခဲ့ပါတယ်။

