၁၀ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့မှ ထွက်ပြေးလာတဲ့ ရုရှားနိုင်ငံသူတစ်ဦး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာများနဲ့ မယ်ဆိုင်မြို့ရှိ Tesco Lotus ကုန်တိုက်ရှေ့တွင်ရှိနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ တွေ့ရှိခဲ့ကြောင်း မယ်ဆိုင်မြို့နယ်ရဲစခန်းက ထုတ်ပြန်ထားသည်။
ဩဂုတ် (၉)ရက်နေ့ ညနေ (၅)နာရီအချိန်က သူမကို တွေ့ရှိခဲ့တာဖြစ်ပြီး စစ်ဆေးချက်အရ နိုင်ငံခြားသူအမျိုးသမီးက မာရီးယာမီခိုင်လိုဗ်နာအမည်ရှိ အသက်(၁၉)နှစ်အရွယ် ရုရှားနိုင်ငံသူဖြစ်ပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ပြီး ခန္ဓာကိုယ်အနှံ့မှာလည်း ဒဏ်ရာများတွေ့ရှိရသဖြင့် ကယ်ဆယ်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး မယ်ဆိုင်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။
ဆေးရုံမှာ ဆေးကုမှုခံယူနေချိန်တွင် ရှရှားအမျိုးသမီးဟာ တုန်လှုပ်ခြောက်ခြားနေပြီး လက်နဲ့ ခြေထောက်တွေမှာလည်း ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ရှရှားအမျိုးသမီးက တရုတ်ဗီဇာကို ကိုင်ဆောင်ထားသူဖြစ်ပြီး၊ ရုရှားနိုင်ငံမှ ထွက်ခွာကာ တရုတ်နိုင်ငံတွင် အလုပ်လုပ်ခဲ့ကြောင်း၊ နောက်ပြီး ထိုင်းနိုင်ငံကို လေကြောင်းဖြင့် ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက် အလုပ်လုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိပြီးနောက် ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် တာချီလိတ်မြို့တွေဆီ ပို့ဆောင်ခံခဲ့ရပြီး ရောက်ရှိခဲ့တဲ့ နေရာများတွင် လူတစ်စု ကိုယ်ထိလက်ရောက် ရိုက်နှက်မှုခံခဲ့ရကြောင့် တာချီလိတ်မြို့ကနေ မယ်ဆိုင်ချောင်းကို ဖြတ်သန်းကူးလာခဲ့ပြီး မယ်ဆိုင်မြို့ကို ရောက်ရှိခဲ့ကာ မယ်ဆိုင်ရှိ Tesco Lotus ကုန်တိုက် ကားရပ်နားရာနေရာသို့ ပစ်ကပ်ကားမောင်းသူတစ်ဦးအား အကူအညီတောင်းခံပြီး လိုက်လံပို့ဆောင်ပေးခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
လက်ရှိမှာ မယ်ဆိုင်ရဲတပ်ဖွဲ့က ခရီးစဉ်အသေးစိတ် CCTV မှတ်တမ်းများကို စစ်ဆေးနေလျက်ရှိပြီး ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးသို့လည်း အကြောင်းကြားထားကြောင်း သိရှိရပါတယ်။
တာချီလိတ်မြို့တွင်းနဲ့ မြို့ပြင် ကျေးရွာတွေထဲမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်တွေဟာ အွန်လိုင်း Scram ငွေလိမ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာတွေရှိပြီး လွန်ခဲ့တဲ့ရက်ပိုင်း ဩဂုတ် (၅) ရက်နေ့ကလည်း တာချီလိတ်မြို့၊ မိုင်းဖုန်း (ခ) အုပ်စု ဝမ်ပုံကျေးရွာအနီးမှာ ကျားဖြန့်ဂိုဏ်းများနဲ့ဆက်စပ်တဲ့ တရားမဝင် တရုတ်နိုင်ငံသား (၄၁)ဦးဖမ်းဆီးရမိခဲ့တာတွေလည်းရှိရပါတယ်။

