၁၀ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
ဇူလိုင် (၃၁)ရက်ကစခဲ့တဲ့ ဧရာဝတီတိုင်းအတွင်းက လေးမျက်နှာရေဘေးဟာ (၁၀) ရက်တာ ကြာလာတဲ့အချိန်မှာ အနီးပတ်ဝန်းကျင်က ကျုံပျော်၊ ငသိုင်းချောင်း၊ ရေကြည်နဲ့ ဟင်္သာတမြို့တွေဆီပါ ကူးစက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ (၂) ရက်ကတည်းက အဲဒီမြို့တွေက အနိမ့်ပိုင်းကေိးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက် တချို့ကို ရေဝင်နစ်မြုပ်တာတွေ ရှိခဲ့တာဖြစ်ပြီး ဩဂုတ်လ (၉) ရက်မှာ အခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ ကျုံပျော် ၊ ရေကြည်နဲ့ ငသိုင်းချောင်းမှာ ရေအခြေအနေ တော်တော်လေးဆိုးနေပြီ။ ကယ်ဆယ်ရေးတွေတော့ ပြီးခဲ့ရက်တည်းက ရောက်နေကြပါပြီ။ ဒါပေမယ့် ရေထပ်တိုးလာရင် မနိုင်မနင်းဖြစ်မှာတော့ စိုးရတယ်လို့” လို့ ရေကြည် မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အဲဒီမြို့တွေက အိမ်ထောင်စု ရာနဲ့ချီ ရေဘေးသင့်နေပြီး ဒေသခံ ၅၀၀၀ လောက် ရေဘေး ဒဏ်ခံစားနေရတယ်လို့လည်း အဲဒီဒေသခံက ဆိုပါတယ်။
ဧရာဝတီရေဘေးအတွက် အစိုးရက လက်ရှိမှာ ကျပ်ငွေ (၁၄၆)သန်းကျော် ထောက်ပံ့ထားပြီး အလှူငွေ ၂၃ ဘီလီယံကျော် လက်ခံရရှိထားတယ်လို့လည်း တိုင်းအစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် (၃၀) ရက် ညပိုင်းက လေးမျက်နှာမြို့နယ်ထဲက ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့တာကြောင့် မြစ်ရေတွေ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက် (၅) ခုနဲ့ မြို့နယ်အတွင်းက ကျေးရွာတွေ အဆိုးရွားဆုံး ရေဘေးဒဏ်ခံခဲ့ရပြီး လက်ရှိမှာ ရေဘေးဒဏ်သင့်ပြည်သူ (၄၀၀၀၀)ကျော် အထိရှိနေပါတယ်။
လက်ရှိမှာ ကျိုးပေါက်သွားတဲ့ ငဝန်တာကို ပြန်လည်ပြုပြင်နေပြီး ရေဝင်ရောက်မှုထိန်းထားနိုင်တဲ့အခြေအနေရှိနေပြီလို့ ဆိုပေမယ့် ဝင်ရောက်ခဲ့ပြီးဖြစ်တဲ့ မြစ်ရေဟာ အောက်ပိုင်းက မြို့နယ်တွေဆီ ဆက်လက်စီးဝင်နေတဲ့အတွက် ရေဘေးသင့် ဧရိယာ ဆက်တိုးလာနေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

