၁၃ နိုဝင်ဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ပုံလို့သုသာန်သို့ သွားတဲ့ တောင်ပေါ်လမ်းပိုင်းမှာ နှစ်စဉ်မိုးရာသီအတွင်း ပျက်စီးနေလို့ အရှည် (၁) မိုင်ခန့်ရှိ လမ်းပိုင်းကို လမ်းခင်းပေးနိုင်ရေး ပုံလို့သုသာန် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစံသိန်းက ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌထံ တင်ပြတောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ (၁၁) ရက်က တာချီလိတ်မြို့ အောင်မြတ်ခန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲမှာ ပုံလို့သုဿာန်ကို သွားတဲ့ လမ်းပိုင်းပျက်စီးနေတာနဲ့ ပတ်သက်ပြီး တင်ပြတောင်းဆိုခဲ့တာပါ။
“ကျွန်တော်တို့ ပုံလို့သုဿာန်သွားတဲ့ လမ်းဟာ (၁)မိုင်အရှည်ရှိပါတယ်။ တောင်ပေါ်လမ်းဖြစ်တဲ့အတွက် မိုးတွင်းမှာ လမ်းတွေ ပျက်စီးပါတယ်။ (၁) နှစ်ကို (၂)ကြိမ်လောက် ပြင်နေရတဲ့အတွက် လွှတ်တော်ကနေပြီးတော့ လမ်းလေးခင်းပေးနိုင်ခြင်း ရှိ၊ မရှိနဲ့ပတ်သက်ပြီး တင်ပြလိုခြင်းဖြစ်ပါတယ်။” လို့ ပုံလို့သုဿာန်ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးစံသိန်းက ပြောပါတယ်။
လက်ရှိ တာချီလိတ်မြို့မှာ နာရေးပို့ဆောင်မှုများကို ပုံလို့သုဿာန်သို့သာ အများဆုံး သွားရောက် ပို့ဆောင်နေရတာ ဖြစ်ပြီး သွားရောက်တဲ့ မော်တော်ယာဥ်တွေအနေနဲ့ နွေရာသီမှာ ဖှုန်ထတာ၊ မိုးရာသီမှာ ရွံ့ဗွက်ဖြစ်ပေါ်ပြီး လမ်းချော်တာတဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။၊
“ကောင်းအောင်လုပ်ပေးမယ်နော် ကျွန်တော်တို့ ဒီနှစ် မရရင် နောက်နှစ်ပေါ့ဗျာ ကောင်းအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းပေးမယ် ဒု-ဥက္ကဌ ပြောတဲ့အတိုင်းပဲ တစ်ကယ်ဖြစ်လာပါလားဆိုတဲ့ အသိတရားလေးတော့ ခေါင်းထဲမှာ ထည့်ထားပါ ရပြီလို့ပဲ မှတ်ထားလိုက်ပါခင်ဗျ”လို့ ဒုတိယဥက္ကဌ ဦးစိုင်းထွန်းစိန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါ ပုံလို့သုသာန်မှာ မီးသဂြိုဟ်စက် တည်ဆောက်နိုင်ရန် ပုံလို့ဆရာတော်ကြီးက သာသနာ့နယ်မြေအတွင်းမှ မြေဧက (၁၆) ဧကကို လှူဒါန်းပေးခဲ့တယ်လို့သိရပြီး။ မီးသဂြိုဟ်စက်တည်ဆောက်ရာမှာ ငွေကျပ်သိန်းပေါင်း (၂) သောင်းကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တာချီလိတ်မြို့ခံများနှင့် လူမှုကူညီရေးအသင်းများက အဆိုပါ ပုံလို့သုသာန်ကို နာရေးပို့ဆောင်ကာ မီးသဂြိုဟ်နေကြရတာဖြစ်ပြီး၊ မီးသဂြိုဟ်စရိတ်အနေနဲ့ နာရေးရှင်များက ထင်းဖိုးနှင့် အလုပ်သမားခအဖြစ် ပုံမှန်ဘတ် (၃,၀၀၀) ပေးဆောင်ရပါတယ်။
မီးသဂြိုဟ်စရိတ် မတတ်နိုင်သူများအတွက်လည်း စရိတ်လျှော့ပေါ့ပေးခြင်းနဲ့ လုံးဝမတတ်နိုင်သူများအတွက် အခမဲ့ မီးသဂြိုဟ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
#(၁)မိုင်အရှည်

