Language:

ရှမ်းအရှေ့မှာ တရားမဝင် ရွှေတူးဖော်ရေးလုပ်ကွက် (၂၀) ထက်မနည်း ပြန်လည်လုပ်ကိုင်နေ


ရှမ်းအရှေ့မှာ တရားမဝင် ရွှေတူးဖော်ရေးလုပ်ကွက် (၂၀) ထက်မနည်း ပြန်လည်လုပ်ကိုင်နေ

၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ်ခရိုင်အပါအဝင် မိုင်းယောင်းခရိုင်အတွင်း တရားမဝင် ရွှေလုပ်ကွက် (၂၀) ထက်မနည်း ပြန်လည်လုပ်ကိုင်နေပြီး သက်ဆိုင်ရာ အာဏာပိုင်များအပြင် RCSS ရှမ်းတပ်ဖွဲ့ကိုပါ အခွန်လိုင်းကြေးပေးပြီး ပြန်လည်လုပ်ကိုင်နေတယ်လို့ အရှေ့သံလွင် သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

တာချီလိတ်ခရိုင်နဲ့ မိုင်းယောင်းခရိုင် စပ်ဆက်နေတဲ့ ဒေသတစ်လျှောက်က မြစ်ချောင်းတွေထဲမှာ နွေရာသီ ပွင့်လင်းရာသီဖြစ်တဲ့အတွက် စက်ယန္တရားတွေအသုံးပြုပြီး တရားမဝင် ရွှေတူးဖော်မှုတွေ ပြန်လည်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လူတွေနဲ့ ဝေးတဲ့ နေရာက ချောင်းတွေထဲမှာ ဘက်ဖိုးတွေသုံးပြီး ရွှေတူးတာ ပြန်လုပ်နေကြပြီ၊ အဓိကတော့ သက်ဆိုင်ရာနဲ့ ညှိပြီးလုပ်နေတာ။ RCSS အဖွဲ့ကိုလဲ ပေးရတယ်။ တစ်လကို (၂) သိန်းနဲ့ (၃) သိန်းကြား ပေးရတယ်လို့ ကြားတယ်။ မိုးကုန်ပြီဆိုတော့ ထုံးစံအတိုင်း ပြန်လုပ်နေကြတာ။ အရင်တုန်းကလောက်တော့ မများတော့ဘူး။ ခိုးလုပ်နေကြတာ” လို့ မိုင်းယောင်းခရိုင်အတွင်း နေထိုင်သူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

တရားမဝင် ရွှေတူးဖော်နေတဲ့ လုပ်ကွက်တွေကို သက်ဆိုင်ရာ အာဏာပိုင်နဲ့ တပ်မတော်က ပြီးခဲ့တဲ့နှစ်က အဖမ်းအဆီးများခဲ့တာကြောင့် ယခုနှစ်အတွင်း ရွှေခိုးတူးတဲ့အဖွဲ့တွေ နည်းပါးနေတာဖြစ်တယ်လို့လဲ သိရှိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းဆတ်နဲ့ မိုင်းပျင်းမြို့နယ်အတွင်း ရွှေအများအပြားထွက်ရှိတာကြောင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အပြင် ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ လုပ်ငန်းရှင်များ ချိတ်ဆက်ကာ မြစ်ချောင်းတွေအတွင်း တရားမဝင် ရွှေတူးဖော်မှုတွေဟာ နှစ်စဉ်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် ဒေသတွင်း တော၊ တောင်နဲ့ သဘာဝသစ်တော ပြုန်းတီးကာ နှစ်စဉ် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး ထိုင်းနိုင်ငံက နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ရွှေတူးဖော်မှုတွေကြောင့် မြစ်ချောင်းများအတွင်း အာဆင်းနစ်ဓာတ် အဆိပ်သင့်မှုတွေ ဖြစ်ပေါ်နေမှုကို သက်ဆိုင်ရာ နှစ်နိုင်ငံအစည်းအဝေးတွေမှာ ထည့်သွင်းဆွေးနွေးပြီး ကန့်ကွက်နေတာဖြစ်ပါတယ်။

#EasternThanLwin

#ရှမ်းပြည်နယ်အရှေ့ပိုင်း

#တရားမဝင်ရွှေတူးဖော်မှု

#တာချီလိတ်

#သဘာဝပတ်ဝန်းကျင်

ဆက်စပ်သတင်းများ

Eastern Thanlwin