Language:

ဘာသာရေးနဲ့ လူမျိုးရေး မတူကွဲပြားမှုတွေကို လေးစားပြီး ညီညွတ်မှု တည်ဆောက်ကြဖို့ နိုင်ငံတော်သမ္မတ တိုက်တွန်း


ဘာသာရေးနဲ့ လူမျိုးရေး မတူကွဲပြားမှုတွေကို လေးစားပြီး ညီညွတ်မှု တည်ဆောက်ကြဖို့ နိုင်ငံတော်သမ္မတ တိုက်တွန်း

၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးနဲ့ ဘာသာမတူသူတွေ အချင်းချင်း နားလည်လေးစားပြီး ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ အတူယှဉ်တွဲနေထိုင်ကြဖို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၆ ရက် ညနေပိုင်း ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပတဲ့ ဒီပါဝလီပွဲတော်ဖွင့်ပွဲအခမ်းအနားမှာ သမ္မတနဲ့ ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

လူမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုအစဉ်အလာ မတူကွဲပြားမှုတွေကို အပြန်အလှန် နားလည်လက်ခံလေးစားဖို့နဲ့ အစွန်းရောက်အယူဝါဒတွေကို ရှောင်ရှားပြီး သည်းခံမှု၊ ယုံကြည်မှုနဲ့ ညီညွတ်ရေးကို တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပြီး ဒါဟာ နိုင်ငံတော်ရဲ့ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဘာသာတရားအသီးသီးရဲ့ ကောင်းမြတ်တဲ့ ဆုံးမသွန်သင်ချက်တွေကို လက်တွေ့ဘဝမှာ ကျင့်သုံးပြီး နိုင်ငံနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း နိုင်ငံတော် သမ္မတက ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။

ဒီပါဝလီပွဲတော်ဟာ အမှောင်ကို အလင်းရောင်က အောင်နိုင်ခြင်း၊ မကောင်းမှုကို ကောင်းမှုက အနိုင်ယူခြင်းတို့ကို ကိုယ်စားပြုတဲ့ ပွဲတော်ဖြစ်ပြီး အချင်းချင်း မေတ္တာထားခြင်း၊ စာနာကူညီခြင်းတို့ရဲ့ အနှစ်သာရကိုလည်း ဖော်ဆောင်တယ်လို့ နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲတော်ဖွင့်ပွဲကို မြန်မာ–အိန္ဒိယ ချစ်ကြည်ရေးအသင်း (MIFA) နဲ့ မြန်မာနိုင်ငံရှိ ဟိန္ဒူမျိုးနွယ်စုများ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး အိန္ဒိယသံအမတ်ကြီးနဲ့ ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးနဲ့ လူမှုရေးအသင်းအဖွဲ့ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါတယ်။

#ဘာသာရေးလူမျိုးရေး

#မတူကွဲပြားမှု

#လေးစားညီညွတ်မှု

#နိုင်ငံတော်သမ္မတ

ဆက်စပ်သတင်းများ

Eastern Thanlwin