၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရှမ်းအရှေ့မှာ ကားအမိုးပေါ် ကုန်ပစ္စည်းတင်ဆောင်ခွင့်ကို သက်ဆိုင်ရာက အောက်တိုဘာလမှစတင်ပြီး ပိတ်ပင်လိုက်တာကြောင့် အချို့သော ယာဉ်လိုင်းက မော်တော်ယာဉ်တွေ ခရီးစရိတ်အရှုံးပေါ်ပြီး ရပ်နားထားရတယ်လို့ အရှေ့သံလွင်မီဒီယာက စုံစမ်းသိရှိရပါတယ်။
တာချီလိတ်မှ တောင်ကြီး၊ မိထ္တီလာနဲ့ ပြည်တွင်းကို ပြေးဆွဲနေတဲ့ ခရီးသည်တင် Probox / AD Van/ Mini Bus ကားတွေမှာ ခရီးစရိတ် ကားခေါက်ကြေးကုန်ကျမှု အရှုံးပေါ်တာတွေကြောင့် ယာဉ်ပိုင်ရှင်တွေက ယာဉ်ကို ရပ်နားထားရတယ်လို့ သိရပါတယ်။
“လမ်းမှာ ကုန်မတင်ဘဲ ခရီးသည်ဘဲတင်သွားရင် ဈေးဘယ်လိုမှ မကိုက်ဘူး အခု တစ်ယောက်ကို (၁)သိန်းဝန်းကျင်နဲ့ လိုင်းဆွဲပေးနေတာတောင် ခရီးသည် မရှိတာ (၂)သိန်းတင်တောင်းရင် ဘယ်သူမှ စီးတော့မှာ မဟုတ်ဘူး၊ ကုန်တင်တယ်ဆိုတာကလဲ ခရီးသည်မရှိလို့ ကုန်တင်တာ အခုတင်ခွင့်မပေးတော့ အရှုံးခံပြီးတော့ ဆွဲမနေဘူး ကားထိုးထားလိုက်တယ်။”လို့ တာချီလိတ် မိထ္တီလာလမ်းကြောင်း Mini Bus ကားနဲ့ လိုင်းဆွဲနေတဲ့ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
တာချီလိတ်-တောင်ကြီး-မိထ္တီလာလမ်းကြောင်းတစ်လျှောက် ကုန်ကျစရိတ်အဖြစ် လောင်စာဆီဖိုး၊ လမ်းတစ်လျှောက်ရှိ ဂိတ်ကြေးတွေ အပါအဝင် ယာဉ်မောင်းတွေကို ပေးရတဲ့ ကုန်ကျငွေနဲ့ ခရီးသည်တွေဆီကရတဲ့ ယာဉ်စီးခမှာ လုံလောက်မှုမရှိဘဲ ကုန်ကျစရိတ်ပိုမိုကုန်ကျတာကြောင့် ယာဉ်ငယ်တွေအတွက် အရှုံးပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ကားအမိုးပေါ် ကုန်ပစ္စည်းတင်ခွင့်ကို သက်ဆိုင်ရာအာဏာပိုင်တွေက စက်တင်ဘာလ ၂၄ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်ပြီး အောက်တိုဘာ ၁ ရက်နေ့က စတင်ကာ လုံးဝတင်ဆောင်ခွင့်မပြုတော့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်မတို့က တာချီလိတ်မှာ စီးပွားရေးမကောင်းလို့ နေရပ်ပြန်မလို့ပါ၊ အခုက နေရပ်ပြန်ရင်း ဒီကအိမ်သုံးပစ္စည်းတွေက ပြန်သယ်ဖို့ လုပ်တာ ကားသေးတွေက မထွက်တော့ဘူး၊ Express ကားတွေနဲ့ ပြန်ရင် လူတော့ပြန်လို့ရတယ် ပစ္စည်းတွေက အများကြီးသယ်လို့မရဘူး။ ကားသေးနဲ့ဆို ရွာက အိမ်အထိရောက်တယ်၊ အခုက အဆင့်ဆင့်ပြန်ရမှာ”လို့ သာစည်မြို့နယ်အတွင်းက ကျေးရွာတွေကို ပြန်မယ့် ခရီးသည်တစ်ဦးကလဲ အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
တာချီလိတ်မြို့ကနေ ပြည်တွင်းကိုပြေးဆွဲနေတဲ့ Express လိုင်းကားတွေဟာ လမ်းတစ်လျှောက်က မြို့တွေကိုသာ ပြေးဆွဲနေတာဖြစ်ပြီး ယာဉ်တွေဟာ သက်ဆိုင်ရာ ကျေးရွာအနီးဆုံးထိ လိုင်းပြေးဆွဲပေးနေတဲ့အတွက် မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်မြို့နယ်အတွင်းက တာချီလိတ်ကို လာရောက်အလုပ်လုပ်ကိုင်တဲ့ သူတွေအတွက် ယာဉ်ငယ်လိုင်းတွေသာ အဆင်ပြေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ တာချီလိတ်မြို့ကနေ ရန်ကုန်-မန္တလေး-မိတ္ထီလာ-သာစည်ကို Express ကားအပါအဝင် ယာဉ်ငယ်လိုင်းတွေဖြစ်တဲ့ Probox / AD Van/ Mini Bus တွေဟာ နေ့စဉ် ခရီးစဉ်ပြေးဆွဲလျှက်ရှိပေမယ့် ခရီးသည်တွေမှာ ပြည်တွင်းက တက်လာတဲ့ ခရီးသည်သာရှိပြီး တာချီလိတ်ကနေ ပြန်အဆင်းခရီးသည်ရှားပါးကာ လောင်စာဆီဈေးနှုန်းမြှင့်တက်တာကြောင့် ယာဉ်လိုင်းအားလုံးနီးပါး အခက်အခဲကြုံတွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။

