၅ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု ဝမ်လုံးကျေးရွာက ဘုန်းကြီးကျောင်းရှေ့ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်ယာဥ်ထိန်းရဲတပ်ဖွဲ့ထံမှာ သိရပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ (၄) ရက်နေ့ ညနေ (၅) နာရီခွဲခန့်က မယ်ယန်းဘက်က တာချီလိတ်မြို့ဘက်ကို မောင်းနှင်လာတဲ့ TOYOTA MARK-II အမျိုးအစား အဖြူရောင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကွန်ကရစ်ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ အခင်းဖြစ်နေရာမှာ ယာဥ်ကို ထားခဲ့ပြီး ယာဥ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးတိမ်းရှောင်နေသူဟာ အသက် (၄၂) အရွယ် အမျိုးသား စိုင်းခမ်းကော် ဆိုသူဖြစ်ပြီး စက်တင်ဘာလ (၅)ရက်၊ နေလည်ပိုင်းမှာ ၎င်းထွက်ပြေးတိမ်းရှောင်နေတဲ့ မြို့မအားကစားရုံ အတွင်းရှိ စနူကာခုံသို့ ဝင်ရောက် ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်ပြီးနောက် ယာဉ်မောင်းဟာ ယာဉ်ကိုထားခဲ့ပြီး အခင်းဖြစ်နေရာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် ယာဥ်ထိန်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းများနဲ့ မျက်မြင်သက်သေတွေကို စစ်ဆေးခဲ့တာပါ။
အဆိုပါ တိမ်းမှောက်ယာဉ်အတွင်း ရှာဖွေစစ်ဆေးရာမှာလည်း စိုင်းခမ်းကော်အမည်နဲ့ နယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Border Pass) စာအုပ်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးချက်အရ စိုင်းခမ်းကော်ဟာ ယာဉ်တိမ်းမှောက်ပြီးနောက် ကြောက်လန့်ကာ ယာဉ်ထဲကနေ ရုန်းထွက်ခဲ့ပြီး ပုံမှန်သွားလာနေကျ မြို့မအားကစားကွင်းရှိ စနူကာခုံမှာ လာရောက် တိမ်းရှောင်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျူးလွန်သူ စိုင်းခမ်းကော်ကို အောက်တိုဘာ (၅) ရက် ညနေပိုင်းမှာ အမှုဖွင့်အရေးယူထားကာ ဟောင်လိတ် နယ်မြေရဲစခန်း အချုပ်မှာ ထိန်းသိမ်းထားပြီး အမှုကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

