Language:

တာချီလိတ်မြို့မှာ နိုင်ငံခြားအရက် ဘီယာရောင်းချခွင့် ပိတ်ထား


တာချီလိတ်မြို့မှာ နိုင်ငံခြားအရက် ဘီယာရောင်းချခွင့် ပိတ်ထား

၁၈ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း တရားမဝင်တင်သွင်းထားတဲ့ နိုင်ငံခြားအရက်နှင့် ဘီယာများ ရောင်းချမှုကို ရပ်ဆိုင်းထားတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

ထိုင်းနိုင်ငံမှ တာချီလိတ်ဘက်ကို တင်သွင်းရောင်းချနေတဲ့ နိုင်ငံခြားဘီယာများဖြစ်သည့် Changဘီယာ၊ Singha ဘီယာ နှင့် Leoအပါအဝင် အခြားဘီယာတွေအပြင် နိုင်ငံခြားအရက်မျိုးစုံ ရောင်းချနေတာကို ရပ်တန့်ထားဖို့ သက်ဆိုင်ရာက သတိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။

“နိုင်ငံခြား အရက်နဲ့ ဘီယာတွေ ရောင်းချနေတာကို အခုရက်ပိုင်း ရပ်ထားဖို့နဲ့ အကုန်လုံးသိမ်းထားဖို့ သက်ဆိုင်ရာက ဆိုင်တွေကို လိုက်ပြောထားပါတယ်။ လိုင်စင်ရှိမှဆိုရင် တစ်မြို့လုံးနီးပါးမရှိကြပါဘူး။ အကုန်လုံးက ဆိုင်ကြီးတွေက တဆင့်ပြန်ဝယ်ပြီးရောင်းနေကြတာ”လို့ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်

အဆိုပါ ဘီယာများအပြင် အရက်နှင့် ဘီယာများကို တရားဝင်တင်သွင်းခွင့်၊ လိုင်စင်နှင့် အခွန်အကောက်ခွန်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရောင်းချရမည်ဖြစ်ပြီး လက်ရှိတွင် တရားမဝင်တင်သွင်းလာသည့် အရက်နှင့် ဘီယာများကို စစ်ဆေးအရေးယူမည်ဟု သတင်းထွက်ပေါ်နေသဖြင့် ရောင်းချသူအချို့အနေဖြင့် ရောင်းချမှုများ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

အရက်နဲ့ ဘီယာကို ထိုင်းနိုင်ငံကတဆင့် နည်းလမ်းမျိုးစုံနဲ့ တင်သွင်းလာတာတွေရှိသလို စင်္ကာပူ၊ ဒူးဘိုင်းတို့မှလဲ ကွန်တင်နာလိုက် တရားမဝင်ခိုးသွင်းကာ ပြည်တွင်းကို ပြန်လည်တင်ပို့ရောင်းချပြီး အချို့သော ကုန်တွေကိုတော့ တာချီလိတ်မြို့ပေါ်က ကုန်စုံဆိုင်နဲ့ စတိုးဆိုင်တွေမှာ တင်သွင်းရောင်းချနေကြတာဖြစ်ပါတယ်။

“ဘာဖြစ်လို့လည်းဆိုတော့ တရားမဝင်တဲ့အရာတွေကို စစ်ဆေးမယ်ကြားလို့ ခဏနားခိုင်းထားတာပါ။ ဘယ်ကစစ်မှာလည်းဆိုတော့ ခရိုင်ကစစ်မယ်လို့တော့ကြားပါတယ်။ အဲ့လိုပဲကြားတာပါ။ ဘယ်လိုစစ်မယ် ဘယ်တော့ စစ်မယ်ကိုတော့ ကျွန်တော်တို့လည်း မသိဘူး”လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

အဆိုပါ စစ်ဆေးမှုများကြောင့် ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ကို တင်သွင်းရောင်းချနေတဲ့ ကုန်ပစ္စည်းများအနက် တရားဝင်တင်သွင်းခွင့်နှင့် သက်ဆိုင်ရာ အထောက်အထားမရှိသည့် ကုန်ပစ္စည်းများအပေါ် စစ်ဆေးအရေးယူမှုများ ရှိလာနိုင်တာကြောင့် ကုန်သည်များနှင့် ရောင်းချသူများက စိုးရိမ်မှုများ ရှိနေတယ်လို့သိရပါတယ်။

လက်ရှိအခြေအနေမှာတော့ တာချီလိတ်မြို့အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် ထိုင်းဘက်မှ ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးမှုများရှိနေတာကြောင့် ကုန်စည်ရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုများလည်း ရှိနေပြီး ဒေသခံတွေအနေနဲ့လည်း အခက်တွေ့နေတယ်လို့ သိရပါတယ်။

#အရက်

#ဘီယာ

#နိုင်ငံခြားအရက်

#ယစ်မျိုးလိုင်စင်

#ကုန်စုံဆိုင်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin