၁၈ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်ကနေ ကုန်စိမ်းသယ်ယူသူ များပြားလာလို့ တံတားအလယ်မှာ ကုန်ချကာ သယ်ယူမှုတွေကြောင့် ယာဥ်ကြောပိတ်ဆို့လျက်ရှိနေရာ ထိုင်းဘက်က တစ်ပိုင်တစ်နိုင် ကုန်စိမ်းသယ်ယူမှု ယာယီရပ်နားခိုင်းထားတယ်လို့ စုံစမ်းချက်အရ သိရပါတယ်။
လက်ရှိ တံတားပေါ်မှာ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းသယ်ယူသူတွေနဲ့ မယ်ဆိုင်ကို စျေးဝယ်လာသူတွေ ပုံမှန်ဖြတ်သန်းသွားလာနေပြီး ထူးခြားတဲ့ အခြေအနေ မရှိသေးဘူးလို့ တံတားပေါ်မှာ တာဝန်ကျတဲ့ ဌာနဆိုင်ရာ အရာရှိ တစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာဘက်ခြမ်းမှာတော့ ပုံမှန်ပါပဲ။ ပိတ်ထားတာလည်း မရှိပါဘူး။ တစ်ပိုင် တစ်နိုင်အနေနဲ့ ကုန်ပစ္စည်းတွေနဲ့ ကုန်စိမ်းသယ်ယူခွင့်ပေးထားပါတယ်။ အေးခဲသားတွေကိုတော့ သယ်ယူခွင့်မပေးထားဘူး။“ လို့ အရာရှိက ပြောပါတယ်။
အခုလို တစ်ပိုင်တစ်နိုင် ကုန်စိမ်းသယ်ယူမှုတွေ များပြားလာတာဟာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ကို စက်တင်ဘာ (၁၅)ရက်က တရားမဝင် အေးခဲအသားနဲ့ ကုန်စိမ်းတွေ တင်ဆောင်လာတဲ့ ယာဉ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပြီးနောက် မြို့တွင်းမှာ စျေးရောင်းချနေသူတွေက မယ်ဆိုင်ဘက်ကနေ ကုန်စိမ်းတွေကို တစ်ပိုင်တစ်နိုင် လက်ဆွဲသယ်ယူလာတာဖြစ်တယ်လို့ ဆိုကြပါတယ်။
“တစ်ပိုင်တစ်နိုင်ပဲဖြစ်ဖြစ်၊ ခေါက်တုတ်ခေါက်ပြန်ပဲဖြစ်ဖြစ် ထိုင်းဖက်က ပေးသယ်ပါတယ်။ အဓိက တံတား အလယ်မှာ ကုန်စိမ်းတွေချ ကဲ့ပြီးသယ်နေလို့ လမ်းပိတ်ဆို့ပြီး ထိုင်းဖက်က တံတားအလယ်မှာ ကုန်ချပြီး မသယ်ဖို့ ပြောတာပါ။”လို့ ချစ်ကြည်ရေးတံတားပေါ်က ထိုင်းအာဏာပိုင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ ကုန်စိမ်းတွေ ဝယ်ယူပြီး တာချီလိတ်မြို့တွင်း စျေးတွေမှာ ပြန်လည် ရောင်းချနေသူတွေက တံတားအလယ် လမ်းဘေးမှာ ကုန်စိမ်းအများအပြားချထားပြီး အလုပ်သမားများက လက်ဆွဲသယ်နေကြတာလို့ ဆိုပါတယ်။
ထို့ကြောင့် ကျောင်းဆင်းချိန်တွေနဲ့ တံတားကို ဖြတ်သန်းသွားလာတဲ့ ယာဥ်များ ပိတ်ဆို့လျက်ရှိနေရာ ထိုင်းဘက်က ယာယီရပ်နားခိုင်းတာဖြစ်တယ်လို့ ပစ္စည်းသယ်ယူနေသူ တစ်ဦးကလည်း ပြောပါတယ်။
တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ်မှာလည်း မြန်မာဘက်ခြမ်းက အဆင့်မြင့် တာဝန်ရှိတွေက CCTV နဲ့ စောင့်ကြည့်နေတာတွေလည်းရှိပါတယ်။
ထို့ပြင် မြို့တွင်းက စျေးသည်တွေအနေနဲ့ တံတားပေါ်ကနေ ကုန်စိမ်းသယ်ယူရာမှာ ယာဥ်ကြော်ပိတ်ဆို့မှုများ မဖြစ်စေရန်အတွက် အထူးသတိထား လုပ်ဆောင်သင့်တယ်လို့ ဒေသခံတွေက အကြံပြုပြောဆိုထားပါတယ်။
#ချစ်ကြည်ရေးအမှတ်(၁)တံတား

