Language:

တာချီလိတ် စီးပွားရေးကြပ်တည်းမှုကြောင့် ခိုးမှုဖြစ်ပွားမှုနှုန်း တိုးတက်လာ


တာချီလိတ် စီးပွားရေးကြပ်တည်းမှုကြောင့် ခိုးမှုဖြစ်ပွားမှုနှုန်း တိုးတက်လာ

၈ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးကျဆင်းလာမှုကြောင့် ခိုးဆိုးလုယက်မှုတွေ ပိုမိုဖြစ်ပွားလာတယ်လို့ ဒေသခံများက အရှေ့သံလွင်သတင်းဌာကို ပြောကြားလာကြပါတယ်။

တာချီလိတ်မှာ ယခင်က ဆိုင်ကယ်ခိုးယူမှုနဲ့ လုယက်မှုသာ ကြုံတွေ့ခဲ့ရပေမယ့် အခုနောက်ပိုင်း အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးကြပ်တည်းလာမှုကြောင့် နေအိမ်ဖောက်ထွင်းမှုနဲ့ ကားအပိုပစ္စည်းလို၊ ဖုန်းနဲ့ အိမ်တွင်း လျှပ်စစ်ပေါင်းအိုး ဝင်ခိုးတာတွေလို ရရာပစ္စည်း ခိုးယူမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

“စီးပွားရေးကကြပ်၊ အလုပ်အကိုင်က ရှားလာတော့ တချို့က တွေ့တဲ့ပစ္စည်း အကုန်ဝင်ခိုးတော့တာဘဲ။ အခန်းထဲအိပ်နေတာကို ခေါင်းရင်းနား အားသွင်းထားတဲ့ ဖုန်းနဲ့ မီးဖိုချောင်က ထမင်းအိုးပါ ဝင်ပြီးခိုးသွားတာလဲကြုံရတယ်။ တချို့က ပြည်တွင်းက တက်လာတော့ ပြန်ဖို့ကလည်းခက်တော့ တွေ့ရာအကုန်ခိုးကြတော့တာ”လို့ တာချီလိတ် ရန်အောင်မြေရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

နေအိမ်လိုင်းခန်းငှါးနဲ့ ကိုယ်ပိုင်နေအိမ်တွေအတွင်း တံခါးသော့အား သံဖြတ်ကတ်ကြေးနဲ့ ဖြတ်တောက်ကာ နေအိမ်အတွင်းက ဆိုင်ကယ်တွေ ဝင်ခိုးတာတွေရှိသလို ညဘက် လူပြတ်တဲ့နေရာတွေမှာလည်း ဆိုင်ကယ်နဲ့ ဖုန်းအား လုယူတာတွေ ညအိပ်ရပ်နားထားတဲ့ ကားနဲ့ သုံးဘီးဆိုင်ကယ်က ဘတ်မှန်နဲ့ ဘတ္ထရီဖြုတ်ယူတာတွေဟာ နေ့စဉ်နီးပါး ဖြစ်ပွားနေတာပါ။

ခိုးယူရရှိတဲ့ ပစ္စည်းတွေကို သူခိုးလက်ခံ ကီလိုဆိုင်နဲ့ ရပ်ကွက်အတွင်း ငါးဂိမ်းခုံတွေမှာ ပေါင်းနှံရောင်းချပြီး မူးယစ်ဆေးဝါး ပြန်လည်ဝယ်ယူ သောက်စားနေကြတာတွေ ရှိတယ်လို့ ဒေသခံတွေက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

“ခိုးလို့ရတဲ့ ပစ္စည်းတွေကို ရတဲ့ဈေး ဘတ်(၁၀၀) ဘတ်(၂၀၀)လောက်နဲ့ သူခိုးလက်ခံဆီပြန်ရောင်းကြတာ။ သူခိုးတွေရဲ့ စားကျက်က အဲ့ဒီဂိမ်းခုံတွေမှာဘဲရှိတယ်။ တချို့ ဆိုင်ကယ်ပျောက်လို့ လိုက်ရှာရင် အဲ့ဒီငါးဂိမ်းခုံတွေက ပြန်ရတာ။ အဲ့မှာက သူတို့ကို ထမင်းကျွေးတယ်။ ဆေးလဲ အလွယ်တကူရနေတော့ အဲ့မှာဘဲရှိကြတာ”လို့ ရန်အောင်မြေရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားတာနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကလည်း ညစဉ် ပတ်ကင်းလှည့်ပတ်ပေးတာတွေရှိပေမယ့် သူခိုးအများစုမှာ ည(၂)နာရီမှ နံနက်(၅)နာရီကြား လူခြေတိတ်ချိန်မှာ နေအိမ်ဖောက်ထွင်းပြီး ဆိုင်ကယ်ဝင်ခိုးတာ၊ ကားပစ္စည်းဖြုတ်တာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဇူလိုင်လလယ်ပိုင်းက တာချီလိတ်မြို့ပေါ်က ခိုးယူတဲ့ ဆိုင်ကယ်အများအပြားကို ရဲတပ်ဖွဲ့မှု စုံစမ်းဖမ်းဆီးခဲ့ရာ မိုင်းဆတ် ထွေအုပ်ရပ်ကျေးစာရေးတစ်ဦးပါဝင်ပြီး သူခိုးလက်ခံ ပြန်လည်ဝယ်ယူသူဖြစ်တယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့က သတင်းပြန်ထားပါတယ်။

#သူခိုး

#စီးပွားရေး

#မှုခင်း

#ဆိုင်ကယ်

#ကားပစ္စည်း

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin