Language:

တာချီလိတ်မြို့ တရုတ်ကျောင်းဆင်းချိန် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဒေသခံများ သွားလာရေးအခက်တွေ့နေ


တာချီလိတ်မြို့ တရုတ်ကျောင်းဆင်းချိန် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဒေသခံများ သွားလာရေးအခက်တွေ့နေ

၇ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပါလျှံ(၂) ရပ်ကွက်ရှိ “တာ့ဟွာ” တရုတ်ဘုံကျောင်းမှာ တရုတ်စာသင်ကြားနေတဲ့ ဒေသခံကျောင်းသား/သူတွေ ကျောင်းဆင်းချိန်မှာ မိဘတွေလာကြိုတဲ့ မော်တော်ယာဉ်တွေနဲ့ လမ်းဘေးရပ်ထားတဲ့ ယာဉ်တွေကြောင့် ယာဉ်ကြောပိတ်ဆို့ပြီး ဒေသခံများ သွားလာရေး အခက်ကြုံတွေ့နေရတယ်လို့ ဖြတ်သန်း သွားလာနေသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“တာ့ဟွာ” တရုတ်ဘုံကျောင်းမှာ ညပိုင်းတရုတ်စာသင်ကြားနေသူ ဒေသခံကျောင်းသား (၃)ထောင်ကျော်ရှိပြီး ည (၈)နာရီ ကျောင်းဆင်းချိန်မှာ ဘုံကျောင်း‌ရှေ့ လမ်းတစ်လျှောက် လမ်းဘေးမှာရပ်ထားတဲ့ ယာဥ်များနှင့် ကျောင်းသားတွေကို လာကြိုတဲ့ မိဘတွေရဲ့ မော်တော်ယာဥ်တွေကြောင့် နှောက်နှေးကြန့်ကြာမှုတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“လမ်းကြပ်ပြီးဆို ဘယ်မှသွားမရတော့ဘူး။ မိုးရွာတဲ့အချိန်ဆို ပိုဆိုးတယ်။ အဓိက ကလေးမိဘတွေက လမ်းဘေးမှာကားရပ်ပြီး သွားကြိုတော့ အနောက်ကနေသွားမယ့် ကားတွေက မလွတ်တော့ဘူးလေ။ အဲ့တာကြောင့် ကားတွေကြပ်ကုန်တာလို့” ဘုံကျောင်းအနီးမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ဘုံကျောင်းလမ်းတစ်လျှောက်မှာ လမ်းဘေးကျူးကျော် ဈေးရောင်းချနေသူများနှင့် ကျောင်းသား/သူများကို လာကြိုတဲ့မိဘများက ဘုံကျောင်းဝင်းအတွင်းသို့ ယာဉ်များ ဝင်ရောက်ရပ်နားခြင်းမရှိပဲ၊ လမ်းဘေးတစ်လျှောက်မှာ ယာဉ်များရပ်ထားထားတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေတာလို့ ဘုံကျောင်းနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ကျောင်းဆင်းချိန်အတွင်း ဘုံကျောင်းအနီးနေထိုင်သူများက အရေးပေါ်ကိစ္စများနှင့် ကျန်းမာရေး အရေးပေါ်အခြေအနေမှာ ဆေးရုံ၊ ဆေးခန်းကို သွားရတဲ့အချိန် အခက်အခဲဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ဖို့အတွက် ကျောင်းဆင်းချိန်အတွင်း ပါလျှံမီးပွိုင့်ကနေ ဘုံကျောင်းအထိ အသွားတစ်လမ်းမောင်းအဖြစ် သတ်မှတ်ပေးပြီး အပြန်လမ်းကို စိုက်ပျိုးရေးခြံအနီးကနေ မြို့ပတ်လမ်းကို ပြန်ထွက်တဲ့ လမ်းကနေ တစ်လမ်းမောင်းအဖြစ် အချိန်ပိုင်း သတ်မှတ်ပေးဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။

အမှတ်(၁၂၁) တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် “တာ့ဟွာ” တရုတ်ဘုံကျောင်း တာဝန်ရှိသူတွေ ပူးပေါင်းပြီး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပြီး လက်ရှိမှာတော့ ဘုံကျောင်းလမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဆောင်ရွက်ဖို့ ညွှန်ကြားထားခြင်းမရှိသေးဘူးလို့ တရုတ်ဘုံကျောင်းမှာ လုံခြုံရေးတာဝန်ကျနေသူတစ်ဦးက ပြောပါတယ်။

“တာ့ဟွာ” တရုတ်ဘုံကျောင်းမှာ တရုတ်ဘုံကျောင်းနှင့် တရုတ်စာသင်ကျောင်းများ ဖွင့်လှစ်ထားပြီး သူငယ်တန်းမှ ဆယ်တန်းအထိ တရုတ်စာကို တက်ရောက်သင်ကြားနိုင်ကာ သင်တန်းချိန်မှာ ညနေ (၆) နာရီမှ ည (၈)နာရီကျော်အထိ ဖြစ်ကြောင်း သိရှိရပြီး တာချီလိတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပေါင်းစုံမှ ကျောင်းသား/သူ (၃,၀၀၀) ကျော် တက်ရောက်သင်ကြားနေကြောင်း သိရှိရပါတယ်။

#ကားလမ်းကြပ်

#တလမ်းမောင်း

#တရုတ်ကျောင်း

#ပါလျံမီးပွိုင့်

#တာချီလိတ်

Edited

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin