Language:

တောင်ကျရေ ကျဆင်းမှုကြောင့် တာချီလိတ် ရပ်ကွက်အချို့ ရေနစ်မြုပ်နေ


တောင်ကျရေ ကျဆင်းမှုကြောင့် တာချီလိတ် ရပ်ကွက်အချို့ ရေနစ်မြုပ်နေ

၇ စက်တင်ဘာ ၂၀၂၆ ( Eastern Thanlwin)

ဇင်ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မှာ ယနေ့ နံနက်ပိုင်း (၁၁) နာရီဝန်ကျင်တွင် ဇလဗေဒတိုင်းတာရေးစခန်းမှ စက်တင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်း တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေ အမှတ်မှာ (၄၀၀) စင်တီမီတာအထိရောက်ရှိပြီး ရပ်ကွက်အချို့ ရေဝင်ရောက်နေပြီဖြစ်ပါတယ်။

တာချီလိတ်မြို့နယ်အတွင်း တောင်ပေါ်ဒေသတွေမှာ ညက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မနက်(၇)နာရီခန့်က စတင်ကာ တောင်ကျရေများကျဆင်းလာပြီး မြို့တွင်း ရပ်ကွက်အချို့ ရေဝင်ရောက်ပြီး ရေဘေးကြုံတွေ့နေရတာဖြစ်ပါတယ်။

လက်ရှိမှာ တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ တာလော့၊ မယ်ဆိုင်ချောင်းနဲ့ကပ်ရပ်ဖြစ်တဲ့ မကာဟိုခမ်း၊ မဲခေါင်နဲ့ ဆန်ဆိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်ပြီး လမ်းပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေနရတာပါ။

တာချီလိတ် ဗိုလ်ချုပ်လမ်းမတစ်လျှောက် ရေဝင်ရောက်နေတဲ့အတွက် ပုံလို့လမ်းဆုံနဲ့ ဆန်ဆိုင်းကျောင်းရှေ့မှာ ကားနှင့် ဆိုင်ကယ်များ သွားလာလို့မရတဲ့အတွက် လမ်းလွှဲမှာ သွားလာနေရပြီး လမ်းပိတ်ဆို့မှုများနဲ့ ကြုံတွေ့နေရတာပါ။

“အဓိက မဲခေါင်မြစ်ရေ မတက်ဖို့လိုတယ် မဲခေါင်မြစ်ရေတက်ရင် မယ်ဆိုင်ချောင်းရေက ဆက်ဆင်းလို့မရဘဲ တန့်နေရင် တာချီလိတ် ရေကြီးပြီး ရေဘေးဖြစ်မှာ အခုမဲခေါင်မြစ်ရေက ဆင်းနေတယ်လို့ကြားတယ်”လို့ မဲခေါင်မြစ်ကမ်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းဆဲန်းမြိုမှာ စက်တင်ဘာ(၇)ရက်နေ့ နံနက်ပိုင်းမှာ မဲခေါင်မြစ်ရေဟာ (၇.၅-၇.၈)မီတာဝန်ကျင်ရှိပြီး အန္တရာယ်အဆင့်အောက်မှာ တည်ရှိနေပြီး မြစ်ရေ တဖြည်းဖြည်းပြန်ကျနေပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

တာချီလိတ် မယ်ဆိုင်ချောင်းအတွင်း တောင်ကျရေကျဆင်းမှုမှာလဲ တဖြည်းဖြည်းကျဆင်းလာတဲ့အတွက် အချို့ရပ်ကွက်တွေအတွင်း ရေဝင်ရောက်မှုနည်းပါးသွားပြီး ရေကျဆင်းနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

တာချီလိတ်မြို့နယ်ရဲ့ မိုးလေဝသခန့်မှန်းချက်အရ နေရာကွက်ကြားမိုးရွာသွန်းမှာဖြစ်ပြီ; တောင်ပြိုတာ ရေကြီးတာတွေအတွက် သတိထားဖို့လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

#မိုးလေဝသ

#ရေဘေး

#လမ်းပိတ်ဆို့

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin