၅ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
NPW
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Mr.Daddy Hot & Grill ဟော့ပေါ့ဆိုင်ကို ဝင်ရောက်လုယက်ခဲ့သူ (၄) ဦးကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာ ၅ ရက်က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဖမ်းဆီးရမိသူ ၄ ဦးဟာ စက်တင်ဘာ ၂ ရက် ည ၁၀ နာရီကျော်က Mr.Daddy Hot & Grill ဟော့ပေါ့ဆိုင်အတွင်း ဝင်ရောက်လာပြီး ဆိုင်သိမ်းနေတဲ့ ဆိုင်ရှင် ဒေါ်ဖြိုးဇာလတ်နဲ့ ဆိုင်ဝန်ထမ်းတွေကို ဓါးနဲ့ ခြိမ်းခြောက်ခဲ့တာပါ။
အဲ့လို ခြိမ်းခြောက်ကာ Iphone 16 pro ဖုန်း တစ်လုံး၊ Redmi Note 7 ဖုန်းတစ်လုံး၊ Oppo ဖုန်းတစ်လုံးနဲ့ ငွေသား ၁၀ သိန်းကျပ်ခန့်အပါ စုစုပေါင်းတန်ဖိုး ကျပ် ၆၉ သိန်းခန့် ကို ယူဆောင်ပြီး ဆိုင်ရှင်ဖြစ်သူ ဒေါ်ဖြိုးဇာလတ်ကိုလည်း ဓါးနဲ့ထိုးပြီး ထွက်ပြေးသွားတာဖြစ်ပါတယ်။
ထွက်ပြေးသွားတဲ့ ကျုးလွန်သူတွေဖြစ်တဲ့ ဆိုင်မွန်စွန်ကျဲထန်း(၂၉)နှစ်၊ ခန့်လင်းထွဋ်(၃၂)နှစ်၊ ထက်အောင်(ခ)ဖိုးဂျိမ်း(၂၈)နှစ်နဲ့ အေးမျိုးကျော်(ခ)ပါကညော(၂၃)နှစ်တို့ကို စက်တင်ဘာ ၄ ရက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျုးလွန်သူတွေနဲ့အတူ လုယက်တာမှာ အသုံးပြုတဲ့ အရိုးအသွား ၁၀ လက်မခန့်ရှိ ဆန်ထိုးပိုက်တစ်ချောင်းနဲ့ လုယက်သွားတဲ့ Oppo ဖုန်းတစ်လုံးတို့ကိုလည်း သိမ်းဆည်းရခဲ့ပြီး သက်သေခံပစ္စည်းတွေ ထပ်မံသိမ်းဆည်းနိုင်ဖို့နဲ့ ဥပဒေနဲ့အညီ အရေးယူနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
#Mr.DaddyHot&Grill

