Language:

အွန်လိုင်းဂိမ်းနဲ့ ကျားဖြန့်လုပ်ငန်းတွေကြား ပိတ်မိနေတဲ့ တာချီလိတ်လူငယ်တချို့ရဲ့ ဘဝတိုးတက်ရေး


အွန်လိုင်းဂိမ်းနဲ့ ကျားဖြန့်လုပ်ငန်းတွေကြား ပိတ်မိနေတဲ့ တာချီလိတ်လူငယ်တချို့ရဲ့ ဘဝတိုးတက်ရေး

၃၀ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

တာချီလိတ်မှာ အခုနောက်ပိုင်း လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တဖြည်းဖြည်းနည်းလာပါတယ်။

အလုပ်ရရင်တောင် လုပ်အားနဲ့ လစာမမျှတတာတွေ များလာတော့ ဝင်ငွေပိုကောင်းမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျားဖြန့်၊ အွန်လိုင်းဂိမ်းလို ဥပဒေမဲ့ အွန်လိုင်းလုပ်ငန်းတွေဘက်ကို လူငယ်တချို့ စိတ်ဝင်စားလာကြတာကို တွေ့ရပါတယ်။

အရင်တုန်းက တာချီလိတ်ဆိုတာ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ များပြားခဲ့ပြီး အဲဒီအချိန်မှာ အလုပ်အကိုင်တွေ အနေနဲ့ရွေးချယ်စရာလည်း ပိုများခဲ့တယ်။

ဒါပေမယ့် နောက်ပိုင်း စီးပွားရေးအခြေအနေတွေ ပြောင်းလဲလာတာ ကိုဗစ်-၁၉ ဖြစ်ပွားတာနဲ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းသွားတာတွေကြောင့် နယ်စပ်စီးပွားရေးတွေ ရပ်တန့်သလို အလုပ်အကိုင်တွေလည်း တော်တော်နည်းသွားပါတယ်။

အဲဒီလို အလုပ်အကိုင်ရှားလာတဲ့အချိန်မှာ “အချိန်တိုအတွင်း ငွေများများရနိုင်တယ်” ဆိုတဲ့ စကားတွေကြောင့် လူငယ်တချို့ဟာ ကျားဖြန့်နဲ့ အွန်လိုင်းဂိမ်းလုပ်ငန်းတွေကို ရွေးချယ်လာကြပါတယ်။

အပြင်အလုပ်တွေထက် သက်သာတယ်၊ မပင်ပန်းဘူး၊ လစာကောင်းတယ်၊ ဘောနပ်စ်တွေလည်း ရတယ်ဆိုတဲ့ ဆွဲဆောင်မှုတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။

အွန်လိုင်းဂိမ်းလုပ်ငန်းမှာ လုပ်ဖူးတဲ့ လူငယ်တစ်ယောက်ကလည်း အခုလို ပြောပါတယ်။

“အွန်လိုင်းဂိမ်းလုပ်ရတာ အပြင်အလုပ်တွေထက် ပိုသက်သာတယ်။ မပင်ပန်းဘူး။ ဝင်ငွေလည်း ပိုကောင်းတယ်။ ဘောနပ်စ်တွေလည်း ရတာဆိုတော့ လူငယ်တချို့ စိတ်ဝင်စားကြတာပါ။ အပြင်မှာ ပင်ပင်ပန်းပန်း လုပ်ရင်တောင် လစာက သိပ်မရတော့ ဒီဘက်ကို ရွေးချယ်ကြတာပါ။”

ဒါပေမယ့် ပြဿနာက အဲဒီလုပ်ငန်းတွေဟာ တရားမဝင်လုပ်ငန်းတွေ ဖြစ်နေတာပါ။ ဝင်ငွေကောင်းတယ်လို့ ထင်ရပေမယ့် နောက်ဆုံးမှာ စစ်ဆေးဖမ်းဆီးမှုတွေ၊ ဥပဒေအရ အမှုဖွင့်အရေးယူခံရတာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

ဥပမာတစ်ခုကတော့ ဖေဖော်ဝါရီ (၄) ရက်နေ့မှာ ကြယ်တံခွန်မိုတယ်အတွင်း အွန်လိုင်းဂိမ်းလုပ်ငန်းနဲ့ ဆက်စပ်ပြီး လူ (၂၀၀) ကျော် ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်ပါ။ ဖမ်းဆီးခံရသူတချို့ကို တာချီလိတ်ကနေ ကျိုင်းတုံအကျဉ်းထောင်ကို ပြောင်းရွှေ့ထားပြီး အခုအချိန်အထိ အမှုတွေ မပြီးသေးပါဘူး။

ဒီဖြစ်စဉ်ကို လူငယ်တွေအတွက် သာမန်ဖမ်းဆီးမှုတစ်ခုလို့ မမြင်သင့်ပါဘူး။

အလုပ်အကိုင်ရွေးချယ်တဲ့အခါ ဘယ်လမ်းကို ရွေးရမလဲဆိုတာ သတိထားစေတဲ့ သင်ခန်းစာတစ်ခုလို့ မြင်ဖို့ လိုပါတယ်။

တကယ်တော့ အွန်လိုင်းဂိမ်းလုပ်ငန်းက ရတဲ့ငွေဟာ အချိန်တစ်ခုအထိ အဆင်ပြေတယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရတာ၊ အမှုရင်ဆိုင်ရတာ၊ အကျဉ်းကျတာတွေ ဖြစ်လာရင် ရခဲ့တဲ့ဝင်ငွေထက် ကိုယ့်အနာဂတ်ကို ပိုထိခိုက်သွားနိုင်ပါတယ်။

တစ်ဖက်မှာတော့ လစာနည်းတဲ့ ပုံမှန်အလုပ်တွေက ဝင်ငွေမများပေမယ့် လုပ်ငန်းကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ လုပ်ငန်းခွင်အသိပညာတွေ ရစေပါတယ်။ အဲဒီအတွေ့အကြုံတွေက နောင်မှာ ပိုကောင်းတဲ့ အလုပ်အကိုင် ရှာတဲ့အခါ ကိုယ့်အတွက် အခြေခံအင်အား ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ “အခု ဘယ်လောက်ရလဲ” ဆိုတာတစ်ခုတည်း မကြည့်ဘဲ “နောင် ဘာဖြစ်လာနိုင်လဲ” ဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။ ငွေရလွယ်တဲ့ အလုပ်တစ်ခုက ဥပဒေနဲ့ မညီဘူးဆိုရင် အဲဒီငွေကြောင့် ကိုယ့်ဘဝတစ်ခုလုံး ထိခိုက်သွားနိုင်ပါတယ်။

အခုနောက်ပိုင်း ကျားဖြန့်နဲ့ အွန်လိုင်းဂိမ်းလုပ်ငန်းတွေကို အာဏာပိုင်တွေ ဆက်တိုက် စစ်ဆေးဖမ်းဆီးနေတဲ့အတွက် အရင်က ဒီလုပ်ငန်းတွေမှာ လုပ်ခဲ့ဖူးတဲ့ လူငယ်တချို့ဟာ အလုပ်လက်မဲ့ ဖြစ်သွားကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်အတွင်း ပုံမှန်အသက်မွေးဝမ်းကျောင်း အလုပ်တွေ မလုပ်ခဲ့တာ၊ လုပ်ငန်းကျွမ်းကျင်မှုတွေ မသင်ယူခဲ့တာကြောင့် အပြင်အလုပ်လောကကို ပြန်ဝင်တဲ့အခါ အလုပ်အသစ်ကို အစကနေ ပြန်သင်ရတဲ့ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

တစ်ဖက်က ကြည့်ရင်လည်း ဒီလူငယ်တွေဟာ ပုံမှန်အလုပ် မလုပ်ချင်လို့ မဟုတ်ပါဘူး။

ပုံမှန်အလုပ်လုပ်ချင်စိတ် ရှိပေမယ့် အလုပ်ချိန်ရှည်တာ၊ လုပ်ငန်းခွင်အခြေအနေ မကောင်းတာ၊ ရတဲ့လစာနဲ့ မလုံလောက်တာတွေကြောင့် ရေရှည် မလုပ်နိုင်ကြတာလည်း ရှိပါတယ်။

ဒါကြောင့် လူငယ်တွေကို တရားမဝင်လုပ်ငန်း မလုပ်ဖို့ တားမြစ်ပြီး အရေးယူတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ရေရှည်တည်တံ့တဲ့ တရားဝင်အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လည်း လိုပါတယ်။

ထိုင်းနိုင်ငံဘက်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံနဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပိုဖွံ့ဖြိုးလာတာကြောင့် လူငယ်တွေအတွက် ရွေးချယ်စရာ အလုပ်အကိုင်တွေ ပိုများပါတယ်။

တာချီလိတ်လို နယ်စပ်မြို့မှာလည်း တရားဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တိုးချဲ့ဖွင့်လှစ်နိုင်မယ်ဆိုရင် လူငယ်တွေအတွက် ဝင်ငွေလမ်းကြောင်းအသစ်တွေ ရလာမယ့်အပြင် လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းတွေလည်း ပိုများလာနိုင်ပါတယ်။

အဆုံးမှာ ပြောချင်တာကတော့ တာချီလိတ်လူငယ်တွေရဲ့ အနာဂတ်ကို ပိုကောင်းစေချင်တယ်ဆိုရင် တရားမဝင်လုပ်ငန်းတွေကို အရေးယူတာနဲ့အတူ တရားဝင်အလုပ်အကိုင်တွေ၊ ကျွမ်းကျင်မှုသင်တန်းတွေ၊ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းတွေကိုပါ ဖန်တီးပေးနိုင်မှသာ ဘဝတိုးတက်တဲ့ လမ်းကြောင်းပေါ်ကို အမှန်တကယ် ရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။

#အတွေးမြင်

#ဆောင်းပါး

#အွန်လိုင်း

#လောင်းကစား

#လူငယ်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin