၃၀ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)
NPW
မြန်မာအပါအဝင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးတို့ရဲ့ အမျိုးသားဝတ်စုံမှန်ဆိုင်ရာ အချက်အလက်တွေ ကို ပြုစုထားတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသား ဝတ်စုံမှန်များ(မူကြမ်း)ကို ပြုစုပြီးဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် (၂၈)ရက်က ပြုလုပ်ခဲ့ပြီး မူကြမ်းပြုစုပြီးပေမယ့်လည်း စာအုပ်အဖြစ် ရိုက်နှိပ်မထုတ်ဝေခင် အချက်အလက်တွေ မှန်ကန်စေရေး အတွက် ပြန်လည်စိစစ်အတည်ပြုပေးဖို့ လိုနေသေးသလို ပေးပို့ဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဝတ်စုံအမှန် တွေကို ပေးပို့စေကာ စာအုပ်ကို ပြည့်စုံစွာ ထုတ်ဝေသွားဖို့ ကော်မတီဥက္ကဌလည်းဖြစ်တဲ့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပြုစုပြီးတဲ့ မူကြမ်းမှာ ကချင် ၆ မျိုး၊ ကယား ၉ မျိုး၊ ကရင် ၁ မျိုး၊ ချင်း ၁ မျိုး၊ ဗမာ ၁ မျိုး၊ မွန် ၁ မျိုး၊ ရခိုင် ၁ မျိုး၊ ရှမ်း ၇ မျိုး စုစုပေါင်း ၂၇ မျိုးတို့ရဲ့ အမျိုးသားဝတ်စုံမှန်ဆိုင်ရာ အချက်အလက်တွေကို ပြုစုထားတာဖြစ်တယ်လို့ သိရပါတယ်။
တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေ လွယ်ကူစွာဆောင်ရွက်နိုင်ဖို့အတွက်လည်း အသင်းအဖွဲ့မှတ်ပုံတင်နဲ့ပတ် သက်တာ၊ နိုင်ငံသားစိစစ်ရေးကဒ်တွေမှာ တိုင်းရင်းသားလူမျိုးအမည် မှားယွင်း ဖော်ပြတာ၊ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ စတာတွေကိုလည်း တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကနေ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

