၃၀ သြဂုတ်လ ၂၀၂၆ ( Eastern Than Lwin)
စွန်ရဲ
တာချီလိတ်မြို့ ပတ်လမ်းမှ ဆန်ဆိုင်းစျေးလမ်းကြားအဝင် W Square တိုက်တန်း နှင့် KOCHI အိမ်သုံးပစ္စည်းအရောင်ဆိုင်ဘေး (၃)လမ်းဆုံမှာ မိုးမရွာပဲ ရေမြောင်းများ ရေလျှံနေလို့ ဒေသခံများ သွားလာရခက်ခဲနေတယ်လို့ တာချီလိတ်ဒေသခံ တစ်ဦးက အရှေ့သံလွင် သတင်းဌာနကိုပြောပါတယ်။
လမ်းရှိ ရေမြောင်းများက ရွံ့နွံများနှင့် အမှိုက်များ ပိတ်ဆို့နေတာကြောင့် မိုးမရွာပဲ ရေမြောင်းထဲကရေများက လမ်းပေါ်ကိုလျှံထွက်နေတာ ကြာနေပြီဖြစ်ပြီး လမ်းရဲ့ ဓာတ်တိုင်အနီးနားမှာ မြောင်းရေအနှံ့ဆိုးများထွက်နေပြီး၊ ရေညှိများတတ်ကာ ဖြတ်သန်းသွားလာတဲ့ ဒေသခံများက အဆင်မပြေဖြစ်ပြီး လမ်းလျှော်တာတွေ ဆိုင်ကယ်မှောက်တာတွေ မကြာခန ဖြစ်နေတယ်လို့ လမ်းဆုံအနီးအနား နေထိုင်သူတွေက ဆီက သိရပါတယ်။
“ ဒီလမ်းက ရေတွေရှိနေတော့ အောက်မှာ ဘာရှိလည်းမသိဘူးလေ။ဗွက်ကြီးနဲ့ဆိုတော့ မနေ့က ဟိုကလေးမတစ်ယောက်ဆို ဆိုင်ကယ်ချော်ပြီးမှောက်တာ။ ဖုန်းကော ပြုတ်ကျ၊ကလေးကော ပြုတ်ကျတာ။ အမတို့တောင် ဖုန်းဝိုင်းကူရှာပေးလိုက်ရတယ်။ ဖုန်းကတော့ ပြန်တွေ့တယ်။ ရေဝင်တော့ ပျက်သွားတယ်လို့ “ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရေလျှံနေတဲ့ လမ်းရေမြောင်းကို ၊ W Square တိုက်တန်းက ဝန်ထမ်းများ နှင့် စည်ပင်က ဝန်ထမ်းများက ရှင်းနေပြီး မြောင်းအတွင်း ရွံ့နွံများနှင့် အမှိုက်များ ပိတ်ဆို့နေတာဖြစ်ပြီး မြောင်းရေများမှ မြောင်းပုတ်၊မြောင်းရေအနှံ့ဆိုးတွေထွက်နေတာကြောင့် ဘယ်သူမှသိပ်မလုပ်ချင်ကြဘူး အောက်မှာ မြောင်းပိတ်နေကြောင့် မနက်ရှင်းရင် ညနေမိုးရွာရင် ပြန်လျှံနေတာလို့သိရှိရပါတယ်။
ရေမြောင်းကိစ္စနှင့် ပတ်သက်ပြီး ယခင်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကာ ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိ ရေမြောင်းရေလျှံနေမှုကို ဖြေရှင်းရန် စည်ပင်သာယာရေးဌာနက ဦးဆောင်ဆောင်ရွက်ရမည့် ကိစ္စဖြစ်သောကြောင့် ယခုအချိန်အထိ ထိရောက်စွာ ရှင်းလင်းဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့ပေါ် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်မှာ ချောင်းများနှင့် ရေမြောင်းများအတွင်း စည်ပင်သာယာရေးဌာနက စုပုံနေပြီးပိတ်နေတဲ့ အမှိုက်များနှင့်ရွံနွံများဆယ်ယူရှင်းနေပြီး၊ ရပ်ကွက်လမ်းကြားအတွင်း ရေမြောင်းများပိတ်ဆို့မှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့်အတူ ဒေသခံများက ပူးပေါင်းရှင်းလင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
#ဆန်ဆိုင်း(ခ)

