အမှတ် (၄ )ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်း တာကော-ကျိုင်းတုံလမ်းပိုင်း ပျက်စီးနေမှုကို ပြုပြင်ပေးစေလိုတယ်လို့ ခရီးသွားများနဲ့ ကုန်ကားမောင်းနှင်သူများက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
တောင်ကြီး-တာချီလိတ်လမ်းမှာ ထိုင်းနဲ့ တရုတ်နိုင်ငံ ဒေသထွက်ကုန်များအပြင် ပြည်တွင်းသွင်းကုန်များကို အဓိကထား သယ်ယူပို့ဆောင်ရာမှာ အရေးပါတဲ့ လမ်းကြောင်းဖြစ်ပေမယ့် လမ်းတစ်လျှောက် ပျက်စီးယိုယွင်းနေမှုကြောင့် ခရီသွားလာရေးနဲ့ ကုန်သွယ်ရေးမှာ သတ်မှတ်ချိန်ထက် ပိုမိုကြာမြင့်နေတာဖြစ်တယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။
တောင်ကြီး-တာချီလိတ်လမ်းပိုင်းသည် ယခင်က ကိုယ်ပိုင်ကားတွေအနေနဲ့ ခရီးချိန် (၁၂)နာရီသာကြာမြင့်ပြီး ကုန်ကားတွေအနေနဲ့ (၂)ရက်မှ (၃)ရက်နီးပါးသာ ကြာမြင့်ခဲ့ပေမယ့် ယခုလမ်းခရီးကြောင့် ခရီးချိန် (၂)ဆကျော် ကြာမြင့်နေတယ်လို့ သိရပါတယ်။
“လမ်းဆိုးတာ ပြီးခဲ့တဲ့ (၃)နှစ်လောက်ကစပြီး လမ်းပိုဆိုးလာတာ။ ရှမ်းမြောက်နဲ့ မြဝတီလမ်းပိတ်သွားတော့ ကုန်ကားနဲ့ သစ်သီးကားတွေက ရှမ်းအရှေ့ဘဲစုပြုံလာကြတာ။ ဒါကြောင့် လမ်းပိုပျက်သွားတာ။ အခုမိုးရာသီဆို လမ်းကသွားရပိုခက်သွားပြီ။ မိုင်းပျင်းတောင်မှာ လမ်းချော်တာနဲ့တင် အတော်ဒုက္ခရောက်နေကြရတာ” လို့ နှစ်ပေါင်း(၃၀)နီးပါး ကုန်ကားမောင်းလာသူတစ်ဦးဖြစ်တဲ့ စိန်သောင်းဆိုသူက ပြောပါတယ်။
တာကော်-ကျိုင်းတုံလမ်းပိုင်းဟာ လမ်းကောင်းရင် ကားမောင်းချိန် (၅) နာရီခန့်သာ မောင်းနှင်ရပြီး လက်ရှိမှာ (၈)နာရီကျော် မောင်းရတဲ့အပြင် ပျက်စီးနေတဲ့ လမ်းပေါ်က ရေအိုင်တွေအတွင်း ကျွဲတွေတောင် ရေစိမ်နေတယ်လို့ ခရီးသွားတစ်ဦးကလဲ လူမှုကွန်ယက်ပေါ် မှာ တင်ထားပါတယ်။
ပျက်စီးနေတဲ့လမ်းပိုင်းဟာ တောင်ကြီး-တာချီလိတ်လမ်းတစ်လျှောက်မှာ တောင်တက်တောင်ဆင်းကြမ်းပြီး အကွေ့အကောက်များတဲ့အတွက် ကုန်ကား မောင်းနှင်သူတွေအတွက် အန္တရာယ်များပြီး နှစ်စဉ် ကုန်ကားမှောက်မှု မကြာခဏ ကြုံတွေ့နေရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
တောင်ကြီး-တာချီလိတ် လမ်းပိုင်းအနေနဲ့ မိုင်ပေါင်း(၃၀၀)ကျော်ရှည်လျားပြီး အခုပျက်စီးနေတဲ့အပိုင်းဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျင်းမြို့နယ်အတွင်း အဆိုးရွားဆုံးဖြစ်နေတာဖြစ်ပြီး မိုင်ပေါင်း (၁၀၀) ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။
