၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်မှာ ကောက်စိုက်သွားပြီး ပြန်လာတဲ့ အမျိုးသမီး (၁၀)ဦး ချောင်းကိုဖြတ်ကူး ရာကနေ (၆)ဦး ရေစီးနဲ့ ပျောပါသေဆုံးတဲ့ဖြစ်စဉ်တစ်ခု ယမန်နေ့ ဩဂုတ်လ (၆)ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ် ။
သေဆုံးသူတွေဟာ ဒီပဲယင်းမြို့နယ် ၊ ချောင်းရိုးကျေးရွာက ဒေါဝင်းမာ၊ ဒေါ်ကေသီဦး၊ ဒေါ်ညိုဆန်း၊ ဒေါ်မြင့်မြင့်ဝင်း ၊ ဒေါ်နှင်းဆီနဲ့ ဒေါ်ဌေးဌေးတိုဖြစ်ပြီး ယနေ့အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
” တစ်ယောက်မှ ပြန်မတွေ့သေးဘူး။ မနေ့က (၁၂) နာရီလောက်တည်းကဖြစ်တာ” လို့ ဒေသခံတစ်ဦးက အရှေ့သံလွင်ကို ပြောပါတယ်။
သေဆုံးသူတွေအပါအဝင် အမျိုးသမီး (၁၀) ဦးဟာ မနေ့က မနက်ပိုင်းမှာ ကောက်စိုက်နေရာကနေ ချောင်းရိုးရွာမြောက်ဘက်က ချောင်းကိုဖြတ်ပြီး ရွာကိုပြန်စဉ် ချောင်းရေ ရုတ်တရက်တက်လာတာနဲ့ ကြုံပြီး ယခုလိုဖြစ်ခဲ့တာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ချောင်းရေရုတ်တရက်တက်လာချိန်မှာ အမျိုးသမီး (၆) ဦး ရေစီးနဲ့မျောပါသွားပြီး (၄) ဦးကတော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ချနေတာကြောင့် ဒီပဲယင်းအပါအဝင် ရေဦး၊ တန့်ဆည်၊ ကောလင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေမှာ ရေဝင်နစ်မြုပ်တာတွေဖြစ်နေပြီး မြစ်ရေ ၊ချောင်းရေတွေလည်း မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

