၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin Media )
ကြည်ညို
ရန်ကုန်မှာ ဒီနေ့ သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းကစတင်ကာ စက်သုံးဆီ ရည်ညွှန်းစျေးများ ပြန်လည်မြင့်တက်နေပြီး အချို့သောဆီဆိုင်တွေမှာ ရောင်းချမှုကို ပမာဏကန့်သတ်ကာ ရောင်းချမှုတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
PPRD စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေဟာ ဩဂုတ် ၇ ရက် ဒီနေ့မှာ ထပ်မံမြင့်တက်လာပြီး စက်သုံးဆီအမျိုးအစားအားလုံး ဈေးတက်ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ ဒေါ်လာစျေးကမြင့်တက်နေပြီး နိုင်ငံတကာရေနံစိမ်းစျေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းကို သက်ရောက်မှုရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေ့ သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ 92 Ron တစ်လီတာကို ၃,၈၄၀ ကျပ် ဖြစ်လာပြီး ယခင်ရက်ထက် ၂၀၀ ကျပ် မြင့်တက်ခဲ့ပါတယ်။ 95 Ron ကတော့ ၃,၉၅၀ ကျပ် အထိ ရောက်ရှိလာကာ ၂၆၅ ကျပ် မြင့်တက်ခဲ့ပြီး တစ်လီတာ ၄,၀၀၀ ကျပ်နီးပါး ဈေးတန်းကို ထပ်မံ မြင့်တက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
လက်ရှိမှာ ပြည်တွင်းအတွက် လိုအပ်တဲ့ စက်သုံးဆီတင်သဘောတွေရောက်ရှိထားပြီး စက်သုံးဆီမှာ ဖူလုံမှုရှိနေဆဲဖြစ်ကြောင်း စွမ်းအင်၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တွေက မြင့်တက်နေဦးမှာဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။
အစိုးရက နိုင်ငံခြားငွေအသုံးပြုမှုကိုလျှော့ချနိုင်ဖို့၊ ပြည်ပကနေစက်သုံးဆီတင်သွင်းရမှုကို မမှီခိုရစေဖို့ ၊ ပြည်တွင်းရေနံချက်စက်ရုံတွေကနေ စက်သုံးဆီထုတ်လုပ်နိုင်ဖို့အထိ တိုက်တွန်းထားပါတယ်။

