Language:

ထားဝယ်ရေနက်ဆိပ်ကမ်း အာဆီယံတောင်ပိုင်း ကုန်းတွင်းလမ်းနဲ့ ချိတ်ဆက်ဖို့ စိတ်ဝင်စားမှုများရှိနေ


ထားဝယ်ရေနက်ဆိပ်ကမ်း အာဆီယံတောင်ပိုင်း ကုန်းတွင်းလမ်းနဲ့ ချိတ်ဆက်ဖို့ စိတ်ဝင်စားမှုများရှိနေ

၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

မြန်မာနိုင်ငံရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကို အာဆီယံတောင်ပိုင်း ကုန်းတွင်းလမ်းကြောင်းနဲ့ ချိတ်ဆက်တည်ဆောက်ဖို့ နိုင်ငံအချို့က စိတ်ဝင်စားနေကြတယ်လို့ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီစီမံကိန်း အကောင်အထည်ဖော်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးနဲ့ ပို့ဆောင်ရေးကဏ္ဍမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာနိုင်တယ်လို့ဆိုပြီး ပုသိမ်၊ ရန်ကုန်နဲ့ ထားဝယ်မြို့တွေမှာရှိတဲ့ ဆိပ်ကမ်းတွေဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ အဓိကဆိပ်ကမ်းတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောကြားပါတယ်။

အာဆီယံတောင်ပိုင်း ကုန်းတွင်းလမ်းကြောင်းကို Southern Economic Corridor (SEC) လို့လည်း လူသိများပြီး မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ကို ချိတ်ဆက်ထားတဲ့ လမ်းကြောင်း တစ်ခုဖြစ်ကာ ရည်ရွယ်ချက်ကတော့ ဒေသတွင်း ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်သွယ်မှုတွေ ပိုမိုဖွံ့ဖြိုးလာဖို့ပါ။

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကိုလည်း အနာဂတ်မှာ မဟာဗျူဟာအရ အရေးပါတဲ့ နေရာတစ်ခုအဖြစ် ဖော်ဆောင်ဖို့ ရည်ရွယ်ထားပြီး ဒါနန်း၊ လွန်ပရာဘမ်၊ ဗန်ကောက်နဲ့ ထားဝယ်တို့ကို ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းအဖြစ်လည်း ရည်ညွှန်းထားတယ်လို့ ဆိုပါတယ်။

ထားဝယ်ဆိပ်ကမ်းမှာ ရေနံဓာတုဗေဒလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့၊ စီမံကိန်းတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့နဲ့ ရေရှည်အကျိုးရှိစေဖို့ အလေးထားဆောင်ရွက်ရမယ်လို့ နိုင်ငံတော် သမ္မတက ပြောကြားပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံနဲ့ ပူးပေါင်းပြီး ထားဝယ်မှာ သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံတည်ဆောက်ကာ အိမ်နီးချင်းနိုင်ငံတွေကို LNG နဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချဖို့လည်း ဆွေးနွေးထားတယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားခရီးစဉ်အတွင်းမှာလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ နျူကလီးယားကဏ္ဍအပါအဝင် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစီမံကိန်းတွေရဲ့ လက်တွေ့အကောင်အထည်ဖော်မှုနဲ့ အကောင်အထည်ဖော်မယ့် အချိန်ဇယားအသေးစိတ်တွေကို သီးခြားအတည်ပြုဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

#ထားဝယ်ရေနက်ဆိပ်ကမ်း

#အာဆီယံတောင်ပိုင်း

#ကုန်းတွင်းလမ်း

#စီးပွားရေး

ဆက်စပ်သတင်းများ

Eastern Thanlwin