၁၅ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားတွေအတွက် အထောက်အထားတွေ ရရှိစေဖို့ သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ ခုကို အောက်တိုဘာ ၁၄ ရက်က ဖွင့်လှစ်ပေးခဲ့ပြီး မလေးရှားနဲ့ လာအိုနိုင်ငံက မြန်မာတွေအတွက်လည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦမောင်မြင့်က ပြောကြားလိုက်ပါတယ်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်က ဦးတင်ဝေရဲ့ တရားမဝင် ပြည်ပအလုပ်သမားတွေ လျော့ချဖို့နဲ့ ပြည်ပအလုပ်သမားတွေရဲ့ လစာဝင်ငွေ နိုင်ငံကိုလွှဲပြောင်းတာမှာ အစိုးရဘဏ်ကတစ်ဆင့် လွှဲပြောင်းပေးပို့ဖို့ မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း အောက်တိုဘာ ၁၅ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
တရားမဝင်အလုပ်သမား အများဆုံးသွားရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းပြီး တရားမဝင်ရောက်ရှိနေတဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေအတွက် တရားဝင်အထောက်အထားတွေရအောင် Certificate of Identity(CI) စခန်းတွေ ဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်။
“လက်ရှိ ထိုင်းနိုင်ငံမှာ CI စခန်း ၅ ခုကို မနေ့ကပဲ ဖွင့်လှစ်ဆောင်ရွက်နေပါတယ်။ အလားတူပဲ မလေးရှား၊ လာအိုနိုင်ငံတွေမှာ ရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေအတွက် အထောက်အထားတွေ ရရှိစေဖို့ CI စခန်းတွေ ဖွင့်ပေးဖို့ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ” လို့ ဦးမောင်မြင့်ကပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာငွေတွေကို မိသားစုတွေဆီလွှဲပို့နိုင်ရေး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် (AD – Authorized Dealer) လိုင်စင်ရဘဏ်တွေနဲ့ နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ ကုမ္ပဏီတွေကို ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ခွင့်ပြုတာတို့နဲ့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
“လက်ရှိမှာ AD လိုင်စင်ရဘဏ် ၁၆ ခုကို ဝန်ဆောင်မှုဆောင်ရွက်တဲ့နိုင်ငံတွေအလိုက် နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့် ပြုထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီ ၁၈ ခုကို ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ဖို့အတွက် ဝန်ဆောင်မှု ဆောင်ရွက်တဲ့နိုင်ငံအလိုက် ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်တွေ ခွင့်ပြုထားပါတယ် ” လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
AD လိုင်စင်ရဘဏ် ၁၆ ဘဏ်နဲ့ ပြည်ပငွေလွှဲလုပ်ငန်း ဝန်ဆောင်မှုဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေမှာ အမေရိကန်၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယူကေ၊ ထိုင်း၊ ဟောင်ကောင်၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေဖြစ်ပြီး World Wide အနေနဲ့လည်း ဆောင်ရွက်နိုင်ဖို့ ခွင့်ပြုထားသလို မြန်မာ့စီးပွားရေးဘဏ်မှာလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ မိသားစုဆီ ပြန်လည်လွှဲပို့ငွေဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော်ဖြစ်ပြီး ယခုနှစ်မှာလည်း အလားတူရရှိအောင် ဆောင်ရွက်နေတယ်လို့ ဦးမောင်မြင့်က ပြောပါတယ်။

