Language:

အယ်လ်နီညိုအပူဒဏ်ကို သတိပြုကာကွယ်နေထိုင်ရန် ကျန်းမာရေးဦးစီးဌာန အကြံပြု


အယ်လ်နီညိုအပူဒဏ်ကို သတိပြုကာကွယ်နေထိုင်ရန် ကျန်းမာရေးဦးစီးဌာန အကြံပြု

၁၅ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မှာ အယ်လ်နီညိုရာသီဥတု သက်ရောက်နိုင်ပြီး အပူချိန်မြင့်တက်လာနိုင်လို့ ရေဓာတ်ခမ်းခြောက်တာ အပူရှပ်ခြင်းအပြင် အပူဒဏ်ဆိုင်ရာ ကျန်းမာရေး အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ သတိပြုနေထိုင်ကြဖို့ တာချီလိတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနက အကြံပြုထားပါတယ်။

အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ နေပူပြင်းတဲ့အချိန် အပြင်ထွက်သွားလာတာကို ရှောင်ရှားကာ ရေလုံလောက်စွာ သောက်သုံးရန် အာဟာရပြည့်ဝစွာ စားသောက်ပြီး အရိပ်ရတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ တာချီလိတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနက အကြံပြုထားပါတယ်။

“အဓိကကတော့ ရေဓာတ်ခမ်းခြောက်မှု မရှိအောင် ရေလုံလောက်စွာသောက်ဖို့ပေါ့။ ဖြစ်နိုင်ရင် နေတအားကြီး ပူပြင်းတဲ့အချိန်ကျရင် အပြင်မထွက်ဖို့။ ဘာစားစား အာဟာရပြည့်ဝစွာစားပါ။” လို့ တာချီလိတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ ရန်နိုင်စိုးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

တာချီလိတ်မြို့မှာ အယ်လ်နီညိုရာသီဥတု သက်ရောက်မှုကြောင့် စိုးရိမ်ရတဲ့အခြေအနေ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်တာကြောင့် ကြိုတင်ခန့်မှန်းပြောဆိုဖို့ ခက်ခဲပေမယ့် သက်ရောက်မှု အနည်းငယ် ရှိလာနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် နေအပူပြင်းဆုံးအချိန်ဖြစ်တဲ့ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲသွားလာတာကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပြီး မဖြစ်မနေ အပြင်ထွက်ရပါက ထီး၊ ဦးထုပ်တို့ကို အသုံးပြု ကာကွယ်ဖို့နဲ့ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ကြဖို့လည်း ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အပူချိန်မြင့်တက်လာတဲ့အခါ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ အပူရှပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အပူရှပ်ခြင်းဟာ ခန္ဓာကိုယ်အပူချိန် အန္တရာယ်ရှိတဲ့ အဆင့်အထိ မြင့်တက်လာကာ သတိလစ်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်းအထိ ဖြစ်စေနိုင်တဲ့ အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ သိရပါတယ်။

ရန်ကုန်မြို့မှာလည်း အောက်တိုဘာ (၁၂) ရက်က အသက် (၆၀) ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး အပူဒဏ်ကြောင့် လဲကျသေဆုံးခဲ့သလို အောက်တိုဘာ (၁၁) ရက်နဲ့ (၁၃) ရက်တို့မှာလည်း အပူရှပ်ပြီး မူးလဲခြင်းနဲ့ လေဖြတ်ခြင်းဆိုင်ရာ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

#အယ်လ်နီညိုအပူဒဏ်

#သတိပြုကာကွယ်

#ကျန်းမာရေးဦးစီးဌာန

#မူးလဲ

ဆက်စပ်သတင်းများ

Eastern Thanlwin