Language:

ထိုင်းမြောက်ပိုင်းမှာ ၂ ပတ်အတွင်း မက်သာဖတမင်း ဆေးပြား ၂၆.၅ သန်း ဖမ်းဆီးရမိဟု ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်


ထိုင်းမြောက်ပိုင်းမှာ ၂ ပတ်အတွင်း မက်သာဖတမင်း ဆေးပြား ၂၆.၅ သန်း ဖမ်းဆီးရမိဟု ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

၁၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

IM

ထိုင်းနိုင်ငံ မြောက်ပိုင်း ရဲတပ်ဖွဲ့ ဒေသ ၅ သည် အောက်တိုဘာ ၁၄ ရက်က ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထိုင်းမြောက်ပိုင်းမှာ ၂ ပတ်အတွင်း မက်သာဖတမင်း ဆေးပြား ၂၆.၅ သန်း ဖမ်းဆီးရမိဟု ထိုင်းရဲတပ်ဖွဲ့ က မူးယစ်ဆေး နှိမ်နင်းတဲ့ စစ်ဆင်ရေး ရလဒ်များကို ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ ဒေသ ၅ တပ်ဖွဲ့မှူး Prachya Prasarnsuk က ဦးဆောင်ခဲ့ပြီး ချင်းမိုင် ဒုတိယ အုပ်ချုပ်ရေးမှူး စစ်တပ်၊ အုပ်ချုပ်ရေးနှင့် မူးယစ်ဆေး ထိန်းချုပ်ရေး အဖွဲ့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကာ စစ်ဆင်ရေးကို အောက်တိုဘာ ၁ ရက်မှ ၁၃ ရက်အထိ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာနှစ် အသစ်၏ ပထမ ၁၃ ရက် ရလဒ်များ ဖြစ်ပြီး ထိုကာလအတွင်း အရေးကြီးသော မူးယစ်မှု ၉ မှု ရှိခဲ့ရာ ရဲတပ်ဖွဲ့က မက်သာဖတမင်း ဆေးပြား ၂၆.၅ သန်း၊ ပုံဆောင်ခဲ မက်သာဖတမင်း ၆၃၇ ကီလိုဂရမ်၊ ကက်တမင်း ၁၀ ကီလိုဂရမ်နဲ့ သံသယရှိသူ ၁၂ ဦး၊ မော်တော်ယာဉ် ၁၁ စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အမှုကြီးများမှာ ချင်းရိုင်ခရိုင် ထုံမြို့နယ်မှ ဆေးပြား ၁၀ သန်း သိမ်းမိမှု ပါဝင်ပြီး ချင်းမိုင်ခရိုင် စံဆိုင်မြို့နယ်ရှိ အငှားအခန်း တစ်ခန်းမှ ပုံဆောင်ခဲ မက်သာဖတမင်း ၂၈၇ ကီလိုဂရမ် သိမ်းမိခဲ့ပါတယ်။

ထိုအမှုနှင့် ပတ်သက်၍ သံသယရှိသူ နှစ်ဦးကို ဖမ်းဝရမ်း ထုတ်ထားကာ ချင်းရိုင်ခရိုင် ဖန်မြို့နယ်ရှိ ပူကင် စစ်ဆေးရေးဂိတ်မှာလည်း ပုံဆောင်ခဲ မက်သာဖတမင်း ၃၅၀ ကီလိုဂရမ် သိမ်းမိခဲ့ပြီး ထိုဆေးများကို ထရပ်ကား၏ လျှို့ဝှက်ခန်းထဲတွင် ဝှက်ထားခဲ့တာလို့ ဆိုပါတယ်။

ဖရယ်ခရိုင်ရှိ ဟွေရိုင် စစ်ဆေးရေးဂိတ်မှာ ဆေးပြား ၁.၇ သန်း သိမ်းမိခဲ့ပြီး ထိုအမှုတွင် လမ်းကြောင်း စိစစ်တဲ့ ဉာဏ်ရည်တု စနစ်ကို အသုံးပြုခဲ့ပြီး ပူကင် စစ်ဆေးရေးဂိတ်မှာပဲ နောက်ထပ် အမှု တစ်ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၄ ရက်ကလည်း ဆေးပြား ၃၀၀,၀၀၀ သိမ်းမိခဲ့ပြီး ထိုဆေးများကို မော်တော်ယာဉ်၏ ပြုပြင်ထားသော လျှို့ဝှက်ခန်းများထဲတွင် ဝှက်ထားခဲ့ခြင်း ဖြစ်ကာ ယာဉ်မောင်းကို ထိုနေရာတွင်ပင် ဖမ်းဆီးရမိခဲ့ပါတယ်။

မြောက်ပိုင်း နယ်စပ် ရွှေတြိဂံ ဒေသနဲ့ ဆက်စပ်နေပြီး မူးယစ်ဆေးများကို နယ်စပ်မှ ပြည်တွင်းပိုင်းသို့ သယ်ဆောင်နေကြခြင်းဖြစ်ကာ မှောင်ခိုသမားများသည် ဆေးများကို ပြုပြင်ထားသော ယာဉ်ခန်းများထဲတွင် ဝှက်လေ့ရှိကာ အချို့ကိုလည်း အငှားအခန်းများတွင် ယာယီ သိုလှောင်ထားလေ့ ရှိတယ်လို့ သိရပါတယ်။

စစ်ဆေးရေးဂိတ်များသည် ပြည်တွင်းပိုင်းသို့ ဝင်ရောက်မှု တားဆီးတဲ့ အရေးကြီးသော ကာကွယ်ရေးလိုင်းများ ဖြစ်ပြီး စစ်ဆင်ရေးမှာတော့ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အုပ်ချုပ်ရေးနဲ့ မူးယစ်ဆေးထိန်းချုပ်ရေး အဖွဲ့တို့ ပူးပေါင်းခဲ့ကြကာ ဉာဏ်ရည်တု နည်းပညာကိုလည်း စောင့်ကြည့် ဖမ်းဆီးရာမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က (၉) မှုစလုံးကို ဆက်လက် တိုးချဲ့ စုံစမ်းနေပြီး နောက်ကွယ်က ငွေကြေး ကွန်ရက်များကိုလည်း ခြေရာခံလျက်ရှိရာ ဆက်စပ် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ရည်ရွယ်ထားပြီး နယ်စပ် စစ်ဆေးရေးဂိတ်များကိုလည်း ဆက်လက် တင်းကျပ်စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

#ထိုင်းမြောက်ပိုင်း

# ၂ပတ်အတွင်း

#မက်သာဖတမင်း

#ဆေးပြား၂၆.၅သန်း

#ဖမ်းဆီးရမိဟု

#ထိုင်းရဲတပ်ဖွဲ့

ဆက်စပ်သတင်းများ

Eastern Thanlwin