Language:

ယနေ့မနက်အစောပိုင်း ဟင်္သာတတွင် ဆန်စပါးပွဲရုံ မီးလောင်မှုဖြစ်ပွား


ယနေ့မနက်အစောပိုင်း ဟင်္သာတတွင် ဆန်စပါးပွဲရုံ မီးလောင်မှုဖြစ်ပွား

၁၄ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

ယနေ့ အောက်တိုဘာ (၁၄) ရက် မနက်အစောပိုင်းက ဧရာဝတီတိုင်း ဟင်္သာတမြို့ ပခမ်းရပ်ကွက်က ဆန်စပါးပွဲရုံ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ယနေ့ မနက် (၄) နာရီဝန်းကျင်က ဟင်္သာတမြို့နယ်၊ ပခမ်းရပ်ကွက်၊ ကမ်းနားကြီးပွဲရုံတန်းရှိ ပြည့်စုံဖြိုးဆန်စပါးပွဲရုံမှ စတင်ကာ မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

“လောင်တာက ပွဲရုံကစလောင်တာ။ ပွဲရုံအပါအဝင် နေအိမ် (၆)လုံးလောက် လောင်သွားတယ်။ လူသေဆုံးတာ ဘာညာတော့မရှိပါဘူး” လို့ ဟင်္သာတခရိုင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အရှေ့သံလွင်ကို ပြောပါတယ်။

အခင်းဖြစ်နေရာသို့ ဟင်္သာတခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပန်းပဲတန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဥယျာဉ်မြောက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ သွားရောက်ကာ ငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ မီးလောင်မှုကို အချိန် (၂) နာရီဝန်းကျင် ငြှိမ်းသတ်ခဲ့ရပြီး မနက် (၅) နာရီ(၄၀) မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ မြန် မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးနေဆဲ‌ဖြစ်တယ်လို့လည်း သိရပါတယ်။

#မှုခင်း

#မီးလောင်မှု

#ဆန်စပါးပွဲရုံ

#ဟင်္သာတ

#မီးငြှိမ်းသတ်ယာဉ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin