၁၃ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
ဖိုးစည်
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချိုမှာ စူပါအယ်လ်နီညိုရာသီဥတုနဲ့ ရင်ဆိုင်နေရချိန် ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် ရန်ကုန်မြို့က ပြည်သူတွေ အပူရှပ်တဲ့ ဖြစ်စဉ်တွေ အခုရက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်နေပြီး လူသေဆုံးမှုများလည်း ရှိလာနေပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့က ဘုရင့်နောင် ပွဲရုံဝင်းထဲ ဈေးဝယ်လာတဲ့ သက်ကြီးပိုင်း အမျိုးသား တစ်ဦး အပူရှပ်ပြီး လေးဖြန်းသွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းထံက သိရပါတယ်။
ဒီကနေ့ နေ့လယ် (၁၂) နာရီဝန်းကျင်က အသက် (၆၀)နှစ် အရွယ် ဦးစိုးဝင်းဆိုသူမှာ ဘုရင့်နောင် ကားပစ္စည်းရောင်းဝယ်ရေးဝင်းမှာ အပူရှပ်ပြီး နေရာမှာတင် လေဖြန်းသွားတဲ့အတွက် အင်းစိန်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ခေမာအောင်လူမှုကူညီရေးအသင်းက သိရပါတယ်။
မနေ့က အောက်တိုဘာ (၁၂) ရက် နေ့လယ်ပိုင်းကလည်း ရန်ကုန်မြိုလယ်က ဘားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သက်ကြီးပိုင်း အမျိုးသား တစ်ဦး အပူရှပ်ပြီး လဲကျသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါ့အပြင် အောက်တိုဘာ (၁၁) ရက် မွန်းလွဲပိုင်းကလည်း ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြိုနယ်မှာ သက်ကြီးပိုင်း အမျိုးသမီးကြီး တစ်ဦး အပူရှပ်ကာ မူးလဲသွားလို လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး နေအိမ်ကို လိုက်ပို့ ပေးခဲ့ရသေးပါတယ်။
ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း၌ နေ့အပူချိန်တွေ မြင့်တက်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ နေ့လယ်ခင်းအချိန်တွေမှာ အပြင်သို့ မထွက်ဘဲ နေအိမ်အတွင်း (သို့မဟုတ်) အပူဒဏ်အကာအကွယ်ရှိတဲ့ နေရာတွေမှာသာ နေထိုင်သင့်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ယခုနှစ်အတွင်း စူပါအယ်နီညိုလ် ရာသီဥတုဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ အဆမတန် မြင့်တက်နိုင်ပြီး လူထောင်ချီသေဆုံးနိုင်တယ်လို့လည်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

