၁၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
I
ဗကြီး
သီရိလင်္ကာနိုင်ငံရှိ ခွဲစိတ်ဆရာဝန်များက အမျိုးသားတစ်ဦးရဲ့ ဆီးအိမ်ထဲက ငှက်ကုလားအုတ်ဥအရွယ်အစားရှိ ကျောက်ကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ပြီးနောက် ဒါဟာ မှတ်တမ်းတင်ထားသမျှ အကြီးမားဆုံး ဆီးကျောက်ဖယ်ရှားမှုတွေထဲက တစ်ခု ဖြစ်တယ်လို့ ပြောကြားပါတယ်။
ထရင်ကိုမာလီဒေသ အထွေထွေဆေးရုံက ဆရာဝန်အဖွဲ့တစ်ဖွဲ့ အသက် (55)နှစ်အရွယ် လူနာတစ်ဦးရဲ့ ဆီးအိမ်ထဲက အလေးချိန် (၃.၁) ကီလိုဂရမ်လေးတဲ့ ကျောက်တုံးကို ပြီးခဲ့တဲ့သီတင်းပတ်က ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါလူနာဟာ လေဖြတ်ပြီးနောက် ကုသမှုခံယူနေတာ ဖြစ်ပါတယ်။
အဆိုပါလူနာဆေးရုံတက်နေတာဟာ တစ်လလောက်ကြာပြီဖြစ်ပြီး ဆေးဝါးကုသမှုအတွင်း သူဟာ ဆီးသွားရခက်ခဲကြောင်း တွေ့ရှိခဲ့တာကြောင့် ဆရာဝန်တွေက နောက်ထပ် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
ခွဲစိတ်ကုသမှုအား ဦးဆောင်ခဲ့တဲ့ ဆီးလမ်းကြောင်းပညာရှင် ပရာဂါလက်ဟန် ဘာလာခရစ္စနန်က အဆိုပါ ဆီးအိမ်ထဲက ကျောက်တုံးဟာ မွေးကင်းစကလေးလေး တစ်ယောက်လောက်လေးပြီး ငှက်ကုလားအုတ်ဥ အရွယ်လောက်ကြီးမားတယ်လို့ ပြောကြားပါတယ်။
လူနာကျန်းမာရေး အခြေအနေကောင်းမွန်ပြီး သူ့ရဲ့ အခြားကျန်းမာရေးအခြေအနေတွေအတွက် ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူနေတယ်လို့ သူကဆက်လက်ပြောကြားပါတယ်။
ဒီအောင်မြင်မှုဟာ အားလုံးစုပေါင်းပြီး အဖွဲ့လိုက် ကြိုးပမ်းမှုရဲ့ ရလဒ်ဖြစ်ပါတယ်။ ကနဦး စစ်ဆေးမှုတွေအရ လူနာမှာ ကြီးမားတဲ့ ဆီးကျောက်ရှိနေကြောင်း တွေ့ရှိခဲ့ပြီး လူနာကို မိမိတို့ရဲ့ အထူးကျွမ်းကျင်သူဆီ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ ဒေါက်တာ ဘာလာခရစ္စနန်က ပြောကြားပါတယ်။
လိုအပ်တဲ့ ခွဲစိတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအားလုံး လုပ်ဆောင်ပြီးနောက် လူနာရဲ့ ဆီးအိမ်ထဲက ဆီးကျောက်ကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာဘာလာခရစ္စနန်ကို ကိုးကားပြီး News1st သတင်းဌာနက ဖော်ပြပါတယ်။
ရရှိနိုင်သလောက်မှတ်တမ်းများအရ ဒါဟာ ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ အကြီးမားဆုံး ဆီးကျောက်ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြား ပါတယ်။ အဆိုပါ ဆီးကျောက်ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်တောင် တင်နိုင်လောက်တယ်လို့ ဆေးရုံညွှန်ကြားရေးမှူး ဆန်ဒါမာလီ ဆာမာရာကွန်းက ပြောကြားပါတယ်။
လက်ရှိ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားတာက ၂၀၀၃ ခုနှစ် အတွင်း ဘရာဇီးမှာ လူနာတစ်ယောက်ဆီက ဖယ်ရှားခဲ့တဲ့ (၁.၉)ကီလိုဂရမ်လေးပြီး (၁၇.၉) စင်တီမီတာ ရှိတဲ့ ဆီးကျောက်ဖြစ်ပါတယ်။ ဆီးအိမ်ထဲမှာပဲရှိနေတဲ့ အချိန်မှာ ဆီးကျောက် ဖြစ်ပေါ်လေ့ရှိပါတယ်။ အိမ်ထဲမှာ ဆီးတွေ အချိန်အကြာကြီးရှိနေတာကြောင့် သတ္တုဓာတ်တွေ စုဝေးအနယ်ကျပြီး ကျောက်ဖြစ်လာတာ ဖြစ်ပါတယ်။
အဖြစ်အများဆုံးကတော့ သုက်လွှတ်ဂလင်း ကြီးလာတာ၊ ဆီးလမ်းကြောင်း ပိတ်ဆို့တာ၊ အာရုံကြောနဲ့ ဆက်စပ်တဲ့ ဆီးအိမ် လုပ်ဆောင်ချက် မူမမှန်တာ၊ ရောဂါပိုး ပြန်ဝင်တာနဲ့ ရေရှည်အရည်ထုတ်ပြွန် အသုံးပြုရမှုတို့ကြောင့် ဖြစ်ပါတယ်။
ဆီးကျောက် သေးသေးလေးတွေဟာ သူ့အလိုလို ဆီးနဲ့ ပါသွားလေ့ရှိပေမယ့် (၁)စင်တီမီတာထက်ပိုပြီးတဲ့ ဆီးကျောက်တွေကတော့ ဆီးလမ်းကြောင်းကို ပိတ်ဆို့ စေနိုင်ပြီး ကုသဖို့ လိုအပ်ပါတယ်။
(၄)စင်တီမီတာရှိတဲ့ ဆီးကျောက်ကို ဆီးကျောက် အကြီးစားလို့ သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်က သီရိလင်္ကာမှာ ဖယ်ရှားခဲ့ရတဲ့ ဆီးကျောက်ဟာ (၁၇)စင်တီမီတာလောက် ရှိပါတယ်။

