Language:

မန္တလေးက မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်သမားတစ်ဦး ဓါးထောက်လုယက်ခံရ


မန္တလေးက မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်သမားတစ်ဦး ဓါးထောက်လုယက်ခံရ

ကျပ်သိန်း (၅၀၀) ကျော် ကျောက်စိမ်းအချောထည်များပါသွား

၁၉ သြဂုတ်လ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက် (၈၆)လမ်းနဲ့ (၈၇)လမ်းကြား (၃၉)လမ်းနဲ့ (၄‌၀)လမ်းကြားက ဟာအောင်မြေကျောက်ဝိုင်းမှာ ကျောက်စိမ်းဝယ်ရောင်းသမားတစ်ဦးထံက သိန်း (၅၀၀) ကျော်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်များ ဓါးထောက်လုယက်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ (၁၉) ရက် မနက် (၁၀) နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လုယက်ခံရသူမှာ အသက် (၄၅)နှစ်အရွယ် ဝန်းကျင်ရှိတဲ့ အမျိုးသားဖြစ်ကာ ဓါးကိုင်ဆောင်ထားတဲ့ အမျိုးသား (၂)ဦးက ကျောက်ဝိုင်းအပြင်ခေါ်ထုတ်ကာ (၃၉)လမ်း၊ (၈၅)လမ်းနဲ့ (၈၇) လမ်းကြားသို့ အရောက်တွင် ယခုကဲ့သို့ လုယက်ခဲ့တာလို့သိရပါတယ်။

“အချောထည်လိုင်းက ဦးလေးတစ်ယောက်ဆီက ပါသွားတာ။ ပြည်သူ့စစ်တံဆိပ်နဲ့ ဦးထုပ်တွေဆောင်းထားတယ်လို့ကြားတယ်။ ကျောက်ဝိုင်းရဲကင်းကို အကြောင်းကြားပြီး အမှုဖွင့်ထားတယ်လို့ ကြားတယ်”လို့ မဟာအောင်မြေကျောက်ဝိုင်းက ကျောက်စိမ်းဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ ကျောက်စိမ်းအပွင့်လွတ် (၂) ပွင့် ၊ ကျောက်စိမ်းဆွဲကြိုး (၂) ကုံး ၊ ချွမ်အမျိုးအစားလည်ဆွဲ (၁)ကုံး၊ ချွမ်အမျိုးအစား လက်စွပ် (၂)ကွင်း ၊ ကျောက်စိမ်းနားကပ်တစ်စုံ ကာလတန်ဘိုး သိန်း (၅၀၀)ကျပ်ခန့်နဲ့ ငွေ (၁၂၀၀၀၀) ထည့်ထားတဲ့ ဘေးလွယ်အိတ်ကိုယူပြီး မီနီအိုးဝေအား ငှားရမ်းကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှတ် (၇) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး သက်ဆိုင်ရာက မြို့ထဲမှာ ပိတ် ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း နီးစပ်သူတွေထံက သိရပါတယ်။

#မှုခင်း

#ကျောက်ဝိုင်း

#မဟာအောင်မြေ

#မန္တလေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin