Language:

တရားမဝင်ကုန်စည် ဖော်ထုတ်သတင်းပေးသူကို ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတန်ဖိုး (၂၀) ရာခိုင်နှုန်း ဆုကြေးပေးနေ


တရားမဝင်ကုန်စည် ဖော်ထုတ်သတင်းပေးသူကို ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတန်ဖိုး (၂၀) ရာခိုင်နှုန်း ဆုကြေးပေးနေ

၁၉ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးမှုများကို ဖမ်းဆီးရမိမှုအပေါ်မူတည်ပြီး သတင်းပေးသူကို ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတန်ဖိုးရဲ့ (၂၀) ရာခိုင်နှုန်းကို တရားဝင်ဆုကြေးငွေအဖြစ် ပေးအပ်လျက်ရှိတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ ဩဂုတ် (၁၉)ရက်မှာ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ဒုစရိုက်မှုများ လျော့နည်းပပျောက်စေရန်အတွက် ဥပဒေမဲ့ ဒုစရိုက်လုပ်ငန်းများနှင့် ပတ်သက်ပြီး သတင်းပေးသူများကို ထိုက်တန်သော လျှို့ဝှက်ဆုကြေးငွေများ‌ ပေးအပ်ခြင်း ရှိ/မရှိနှင့်ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက “နိုင်ငံတော်မှ တရားမဝင်သစ်များ ဖမ်းဆီးရရှိမှု၊ တရားမဝင် ကျောက်မျက်ရတနာများ ဖမ်းဆီးမှု၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးမှုများကို ဖမ်းဆီးရမိမှုအပေါ်တည်ပြီး သတင်းပေးသူများကို ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတန်းဖိုးရဲ့ (၂၀)ရာခိုင်နှုန်းကို တရားဝင်ဆုကြေးငွေအဖြစ် ပေးအပ်လျက်ရှိတယ်လို့” ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော် နမ့်ခမ်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးသန်းစိုးက ရှမ်းပြည်နယ်အတွင်းမှာ ဒုစရိုက်သမားများက နည်းလမ်းပေါင်းစုံသုံးပြီး ဒုစရိုက်လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေကြတာကြောင့် ထိရောက်စွာ ဖမ်းဆီးရမိခြင်းမရှိဘဲ လွတ်မြောက်နေသည့်အတွက် ဆုကြေးငွေစနစ်ကို မေးမြန်းခြင်းဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။

သတင်းပေးသူများ အနေနဲ့လည်း လျှို့ဝှက်ဂုဏ်ပြုဆုငွေ ထိုက်ထိုက်တန်တန်ရရှိပါက သတင်းပေးသူများပြားလာပြီး အထူးသဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါက ဒုစရိုက်လုပ်ငန်းများ ပပျောက်သွားမှာ ဖြစ်တယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့်ပြမေးခွန်းနဲ့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

သတင်းပေးသူရဲ့ ကိုယ်ရေးအချက်အလက် မပေါက်ကြားစေရေးနှင့် သတင်းလက်ခံရယူသူမှ တာဝန်ယူပေးရမှာဖြစ်ပြီး သတင်းလက်ခံသူကြောင့် လျှို့ဝှက်ချက်ပေါက်ကြားပါက ကနေဦးသတင်းပေးလက်ခံသူမှာ တာဝန်အပြည့်အဝရှိပြီး သတင်းလက်ခံသူကို သတင်းပေါက်ကြားမှုဖြင့် အရေးယူ အပြစ်ပေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့ တရားမဝင်အလောင်းအစားလုပ်ငန်းများ၊ ဆိုင်ကယ်ခိုးမှုများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများနှင့်ပတ်သက်ပြီး ဒုစရိုက်လုပ်ငန်းများ ရှိနေဆဲဖြစ်ပြီး ယခင်က လူငယ်မူးယစ်ဆေးဝါးသတင်းပေးတစ်ဦး လမ်းမပေါ်တွင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ဖူးပါတယ်။

ဒုစရိုက်မှုများနှင့်ပတ်သက်ပြီး သတင်းပေးသူများအား ဖမ်းဆီးရမိပစ္စည်းတန်ဖိုးရဲ့ (၂၀) ရာခိုင်နှုန်း ဆုကြေးပေးအပ်အစီအစဉ်ရှိကြောင်း ပြည်နယ် အစိုးရဘက်က ပြောကြားထားသော်လည်း သတင်းပေးသူများရဲ့ လုံခြုံရေးကို မည်သို့ ကာကွယ်ပေးမည်ဆိုသည့်အချက်ကို လွှတ်တော်တွင် အသေးစိတ်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

#တရားမဝင်ကုန်စည်

#ဒုစရိုက်မှု

#ဆုကြေးငွေ

#ပြည်နယ်လွှတ်တော်

#နယ်လုံဝန်ကြီး

#တောင်ကြီး

#ရှမ်းပြည်နယ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

S

ဆက်စပ်သတင်းများ

Eastern Thanlwin