(အတွးအမြင် ဆောင်းပါး)
၁၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်မှာ အခန်းတစ်ခန်းဝယ်တာဟာ “ကိုယ့်အိမ်ကိုယ်ပိုင်ပြီ” လို့ ပြောလိုက်ရုံနဲ့ ပြီးသွားတဲ့ကိစ္စ မဟုတ်တော့ပါဘူး။
အထူးသဖြင့် မြေရှင်နဲ့ ကန်ထရိုက်တာ ပူးပေါင်းဆောက်တဲ့ အထပ်မြင့်တိုက်တွေမှာ အခန်းဝယ်သူတစ်ယောက်အနေနဲ့ ငွေကြိုပေးပြီး အခန်းဝယ်ထားပေမယ့် အဆောက်အအုံပြီးစီးချိန်၊ လူနေထိုင်ခွင့်ရချိန်၊ အခန်းလွှဲပြောင်းပေးချိန်တွေမှာ ပြဿနာတွေ ကြုံတွေ့မှုတွေကို ဒီနေ့တိုင် မဖြေရှင်းနိုင်သေးပါဘူး။
ဒီအခြေအနေကပဲ ရန်ကုန်ရဲ့ Apartment ဈေးကွက်မှာ “ဘယ်သူ့မှာ ဘာတာဝန်ရှိလဲ” ဆိုတာကို တိတိကျကျ သတ်မှတ်ပေးမယ့် ဥပဒေတစ်ရပ် လိုအပ်နေပြီဆိုတာပါပဲ။
လက်ရှိ အခြေအနေအရ မြေရှင်က မြေထည့်၊ ကန်ထရိုက်တာက ဆောက်လုပ်ပြီး အခန်းတွေကို အများပြည်သူထံ ရောင်းချတဲ့ပုံစံတွေ ရှိနေပါတယ်။
တချို့စီမံကိန်းတွေမှာတော့ အဆောက်အအုံ မဆောက်ခင်ကတည်းက အခန်းတန်ဖိုးရဲ့ တစ်စိတ်တစ်ပိုင်း၊ တစ်ခါတလေ အတော်များများကို ကြိုတင်ပေးချေရပါတယ်။ ဒါကို အရပ်စကားအရ ကြိုပွိုင့်ရောင်းချမှုစနစ်လို့လည်း ခေါ် ပါတယ်။
အဓိပ္ပာယ်ကတော့ အခန်းဝယ်သူရဲ့ငွေကို အဆောက်အအုံဆောက်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ကြိုတင်ရယူပြီး ပြန်လည် တည်ဆောက်ကျတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ပြဿနာက ဆောက်လုပ်ရေးလုပ်ငန်းရှင်ဘက် သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးစီးလာမှုတွေ မရှိတာ၊ လုပ်ငန်း မလည်ပတ်မှုနိုင်မှု ရပ်ဆိုင်းလာရတွေက ရန်ကုန်မှာ မကြာခဏရင်ဆိုင်နေရတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။
အထူးသဖြင့် Apartment တွေအတွက် ကွန်ဒိုလို သီးခြားတိကျတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ မရှင်းလင်းသေးတာကြောင့် အခန်းဝယ်သူတွေဟာ စာချုပ်ပါအချက်အလက်ကို အားကိုးပြီး ဖြေရှင်းရတဲ့အခြေအနေ ရှိနေတယ်လို့ သြဂုတ်လ (၁၈) ရက်နေ့က ကျင်းပပြုလုပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ထောက်ပြထားပါတယ်။
ဒီနေရာမှာ အခန်းဝယ်သူတစ်ယောက်ရဲ့ အခက်အခဲက သိပ်မရှုပ်ပါဘူး။
“ငွေတော့ အရင်ပေးပြီးပြီ။ အခန်းက ဘယ်တော့ရမလဲ။ လူနေထိုင်ခွင့်က ဘယ်တော့ရမလဲ။ ပြဿနာတက်ရင် ဘယ်သူ့ကို တာဝန်ယူခိုင်းရမလဲ” ဆိုတာပါ။
အဖြေက မရှင်းရင် အခန်းဝယ်သူအတွက် အချိန်နဲ့ငွေ နှစ်ခုစလုံး ထပ်ကုန်နိုင်ပါတယ်။
တစ်ဖက်မှာလည်း မြေရှင်တွေအတွက် ပြဿနာမရှိဘူးလို့ မဆိုနိုင်ပါဘူး။
မြေရှင်၊ ကန်ထရိုက်တာ၊ အခန်းဝယ်သူနဲ့ အဆောက်အအုံ စီမံခန့်ခွဲသူတို့ရဲ့ တာဝန်တွေကို ရှင်းရှင်းလင်းလင်း မသတ်မှတ်ထားဘူးဆိုရင် ပြဿနာတစ်ခု ဖြစ်လာတိုင်း ဘယ်သူက ဖြေရှင်းပေးရမလဲဆိုတာ အငြင်းပွားစရာ ဖြစ်လာနိုင်ပါတယ်။
အခုလို အခြေအနေတွေကြောင့် ပြဿနာဖြစ်လာတဲ့အခါ စာချုပ်အပေါ် မူတည်ပြီး တရားရုံးမှာ တရားမမှုအဖြစ် ဖြေရှင်းရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။
အဲဒီအခါ အခန်းဝယ်သူအတွက်တော့ “အခန်းဝယ်ဖို့ ငွေပေးရ၊ ပြဿနာဖြေရှင်းဖို့လည်း ထပ်ကုန်ရ” ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် လိုအပ်နေတာက အခန်းဝယ်သူဘက်ကိုပဲ ကာကွယ်ပေးမယ့် ဥပဒေမျိုးမဟုတ်ဘဲ မြေရှင်၊ ကန်ထရိုက်တာ၊ အခန်းပိုင်ရှင်နဲ့ နေထိုင်သူအားလုံးရဲ့ အခွင့်အရေးနဲ့ တာဝန်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးနိုင်တဲ့ Apartment Law တစ်ရပ် ဖြစ်လာပါတယ်။
ဥပဒေရှိလာရင် အခန်းမအပ်နိုင်တဲ့အခါ ဘယ်လိုတာဝန်ယူရမလဲ၊ အဆောက်အအုံမှာ ဘယ်လိုခွင့်ပြုချက်တွေ လိုအပ်မလဲ၊ အခန်းပိုင်ရှင်ရဲ့ အခွင့်အရေးက ဘယ်အထိလဲ၊ အဆောက်အအုံတစ်ခုလုံးကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာတွေ ပိုပြီး တိကျလာနိုင်ပါတယ်။
နောက်ထပ်အရေးကြီးတာတစ်ခုက ပိုင်ဆိုင်မှုမှတ်တမ်းပါ။
အထပ်မြင့်တိုက်တွေ ပိုများလာတဲ့ ရန်ကုန်လိုမြို့မှာ “ဒီအဆောက်အအုံမှာ ဘယ်သူက ဘယ်အခန်းကို ပိုင်သလဲ၊ ပိုင်ဆိုင်မှုက ဘယ်လိုပုံစံနဲ့ မှတ်ပုံတင်ထားသလဲ” ဆိုတာတွေက နောင်မှာ ပိုပြီး အရေးကြီးလာမှာပါ။
ဒါဟာ အခန်းဝယ်သူတွေအတွက်ပဲ မဟုတ်ပါဘူး။ အစိုးရအတွက်လည်း အခွန်အခရရှိရေး၊ ပိုင်ဆိုင်မှုစာရင်း တိကျရေးနဲ့ တရားမဝင် ငွေကြေးတွေ အိမ်ခြံမြေဈေးကွက်ထဲ ဝင်လာမှုကို စောင့်ကြည့်နိုင်ရေးအတွက် အရေးပါတဲ့အချက် ဖြစ်ပါတယ်။
ဒါကြောင့် Apartment Law ဆိုတာ “အခန်းဝယ်သူတွေကို ကာကွယ်ဖို့ ဥပဒေ” တစ်ခုတည်းလို့ ကြည့်လို့မရပါဘူး။
တကယ်တော့ ရန်ကုန်မှာ တိုးလာနေတဲ့ အထပ်မြင့်လူနေအဆောက်အအုံတွေ၊ ပိုမိုရှုပ်ထွေးလာတဲ့ ပိုင်ဆိုင်မှုစနစ်တွေနဲ့အတူ မြေရှင်နဲ့ အခန်းပိုင်ရှင် ဘယ်သူက ဘာတာဝန်ယူမလဲဆိုတာကို စည်းမျဉ်းတစ်ခုတည်းအောက်မှာ ရှင်းလင်းပေးဖို့ လိုလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီဥပဒေကို ရေးဆွဲမယ်ဆိုရင် တစ်ဖက်တည်းရဲ့ အမြင်နဲ့တော့ မလုံလောက်ပါဘူး။
မြေရှင်တွေ ဘာတွေလိုချင်သလဲ၊ ကန်ထရိုက်တာတွေရဲ့ လက်တွေ့အခက်အခဲက ဘာလဲ၊ အခန်းဝယ်သူတွေ ဘာကို စိုးရိမ်နေရသလဲ၊ အဆောက်အအုံမှာ နေထိုင်သူတွေရဲ့ အခွင့်အရေးက ဘယ်လိုဖြစ်မလဲဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
အဓိကကတော့ အခန်းတစ်ခန်း ဝယ်လိုက်တာနဲ့ ပိုင်ဆိုင်မှုတစ်ခုရသလို၊ အဲဒီပိုင်ဆိုင်မှုနဲ့အတူ ဘယ်သူ့မှာ ဘာတာဝန်ရှိတယ်ဆိုတာပါ ရှင်းရှင်းလင်းလင်း သိနိုင်တဲ့စနစ်တစ်ခု ရှိဖို့လိုပါတယ်။
ရန်ကုန်ရဲ့ Apartment ဈေးကွက်က ဆက်ပြီးကြီးထွားလာမယ်ဆိုရင် ဒီလိုစည်းမျဉ်းတွေကို နောက်မှပြဿနာတက်တဲ့အခါမှ ထိုင်ဖြေရှင်းတာထက် ပြဿနာမဖြစ်ခင်ကတည်းက ကြိုတင်သတ်မှတ် ဖြေရှင်းဖို့ အရေးကြီးလာပြီဖြစ်တဲ့အကြောင်း ဖော်ပြရေးသားလိုက်ရပါတယ်။

