Language:

တာချီလိတ်–မယ်ဆိုင် တံတားပေါ်မှာ ငွေကြေးပိုကောက်ခံနေမှုများကို လူဝင်မှုကြီးကြပ်ရေးဌာနက ငြင်းဆို


တာချီလိတ်–မယ်ဆိုင် တံတားပေါ်မှာ ငွေကြေးပိုကောက်ခံနေမှုများကို လူဝင်မှုကြီးကြပ်ရေးဌာနက ငြင်းဆို

၁၈ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလိတ် –မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁)တံတားပေါ် တွင် ဖြတ်သန်းသွားလာရာတွင် UID စမတ်ကတ်မပါရှိသူများနှင့် ပထမဆုံးဖြတ်သန်းသွားလာသူ ဒေသခံပြည်သူများဆီက သတ်မှတ်ထားတဲ့ အခကြေးငွေထက် ပိုကောက်ခံနေတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်များကို လူဝင်မှုကြီးကြပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ငြင်းဆိုထားတာဖြစ်ပါတယ်။

တာချီလိတ် –မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁)တံတားမှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာ အဓိက တရားဝင်နယ်စပ်ဂိတ်ပေါက် တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများနှင့် အလည်အပတ်ခရီးသွားသူတို့ နေ့စဉ်ဖြတ်သန်းသွားလာအသုံးပြုနေတဲ့ တံတားဖြစ်ပါတယ်။

“ထိုင်းကတ်ဖြူပါခြင်း ၊ မပါခြင်းနဲ့ ကျွန်တော်တို့က စစ်ဆေးမှု မပြုပါဘူးဗျ။ ကြားပွဲစားတွေ ဘာတွေနဲ့ တစ်ချို့လည်း သွားချင်ပေမယ့် UID စမတ်ကတ် ရိုက်မထားလို့ သွားမရလို့ ဟိုဘက်ကလှည့်ဝင် ၊ ဒီဘက်ကလှည့်ဝင် ဟိုပွဲစားနဲ့ခံ ဒီကြားပွဲစားတွေနဲ့ခံ ဘာညာ အဲ့လိုမျိုးလုပ်တာတော့ ရှိကောင်းရှိနိုင်တယ်။ ကျွန်တော်တို့ဆီကတော့ UID စမတ်ကတ်မပါလို့ ဟိုဘက်ကမ်းသွားရမယ်ဆိုရင် ဘတ် (၁၀၀) ပေးရမယ်ဆိုတာ မရှိပါဘူးလို့ ” လူဝင်မှုကြီးကြပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်တွင် ဖြတ်သန်းသွားသူ မြန်မာနိုင်ငံသားများက လုပ်ထုံးလုပ်နည်းအရ UID စမတ်ကတ် နိုင်ငံသားစိစစ်ရေးကတ်ပြား ပါရှိရမှာဖြစ်ပြီး တရားဝင် သတ်မှတ်ထားတဲ့ မြန်မာကျပ်ငွေ (၁၀၀၀) သာပေးဆောင်ရမှာ ဖြစ်တယ်လို့သိရှိရပါတယ်။

“UID စမတ်ကတ်မပါရင် ဘတ် (၁၀၀) ကောက်တယ်။ ထိုင်းဘက်က ထုတ်ပေးထားတဲ့ (၁) နှစ်စာ ကတ်အဖြူမပါရင်လည်း ဘတ် (၁၀၀) ကောက်တယ်။ မယ်ဆိုင်ကို ပထမဆုံးလာတဲ့သူတွေကိုလည်း ဓာတ်ပုံရိုက်ခ၊ QR Code စကန်ဖတ်ခဆိုပြီး ဘတ် (၁၀၀) ကောက်တယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အရှေ့သံလွင်သတင်းဌာန ကိုပြောပြပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ လွန်ခဲ့တဲ့လပိုင်းက ကျင်းပပြုလုပ်တဲ့ ဒေသအစားစာပြပွဲကို အရှေ့သံလွင်သတင်းဌာက သတင်းထောက်တွေ သွားရောက်သတင်းရယူဖို့ နယ်စပ်ဂိတ် ဖြတ်သန်းချိန်မှာလဲ QR Code စကန်ဖတ်ခဟုဆိုကာ တံတားပေါ်တာဝန်ကျ လဝက ဝန်ထမ်းတစ်ဦးက ဘတ်(၁၀၀)တောင်းခံခဲ့ရာ သတင်းထောက်တွေဖြစ်ကြောင်း သတင်းဓါတ်ပုံ သွားရောက်ရိုက်ကူးဖို့အတွက်ဟု ဆိုခဲ့သဖြင့် ကောက်ခံခြင်းမပြုတော့ခြင်းဖြစ်ကြောင်း နယ်စပ်ဖြတ်သန်းခဲ့တဲ့ သတင်းထောက်တစ်ယောက်မှလည်း သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

လက်ရှိမှာ ဒေသခံများရဲ့ ပြောဆိုချက်အရ အမှတ်(၁) တံတားပေါ်တွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဖြတ်သန်းသွားလာတဲ့ သူများကို UID စမတ်ကတ်မပါရင် ဘတ် (၁၀၀) ကောက်ခံပြီး ထိုင်းနိုင်ငံဘက်က ထုတ်ပေးထားတဲ့ တစ်နှစ်စာ ကတ်အဖြူ မပါရှိသူများထံမှလည်း ဘတ် (၁၀၀) ကောက်ခံနေကြောင်းနှင့် မယ်ဆိုင်ကို ပထမဆုံး လာတဲ့သူတွေကိုလည်း ဓာတ်ပုံရိုက်ခ၊ QR Code စကန်ဖတ်ခဟု ဆိုကာ ဘတ် (၁၀၀) ထပ်မံပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဘက်က ငွေကြေး ပိုကောက်ခံနေတယ်လို့ သိရှိရပါတယ်။

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ် တွင် လူဝင်မှုကြီးကြပ်ရေးက သတ်မှတ်ထားတဲ့ အခကြေးငွေထက် ပိုကောက်ခံနေမှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဘက်က ငြင်းဆိုချက်တွေ ကွဲလွဲနေတဲ့အတွက် တံတားဖြတ်သန်းခနဲ့ သက်ဆိုင်တဲ့ အခကြေးငွေ နှုန်းထားနဲ့ ကောက်ခံမှုလုပ်ထုံးလုပ်နည်းတွေကို သက်ဆိုင်ရာဌာနတွေအနေနဲ့ ပွင့်လင်းရှင်းလင်းစွာ ထုတ်ပြန်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာဖြစ်ပါတယ်။

#နယ်စပ်ဖြတ်သန်းခ

#UID

#ယာယီနယ်စပ်ဖြတ်ကူးလက်မှတ်

#လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin