Language:

နိုင်ငံတစ်၀န်းလုံးကို 5G ဝန်ဆောင်မှု ၂၀၂၇ မှာစတင်ပေးအပ်နိုင်ဖို့ ပြင်ဆင်နေ


နိုင်ငံတစ်၀န်းလုံးကို 5G ဝန်ဆောင်မှု ၂၀၂၇ မှာစတင်ပေးအပ်နိုင်ဖို့ ပြင်ဆင်နေ

၁၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

၂၀၂၇ ခုနှစ်အစောပိုင်းလောက်မှာ နိုင်ငံတစ်၀န်းလုံးကို 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားလိုက်ပါတယ်။

ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဩဂုတ် ၁၈ ရက်က ကျင်းပတဲ့ 5G ဝန်ဆောင်မှု ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး အတွက် လိုအပ်နေမှုတွေကို စတင်ပြင်ဆင်နေမှုက ပြီးစီးသလောက်ရှိပြီလို့ ဒုတိယ၀န်ကြီးကဆိုပါတယ်။

နိုင်ငံတွင်း လက်ရှိ၀န်ဆောင်မှုပေးနေတဲ့ အော်ပရေတာတွေအနေနဲ့ 5G နည်းပညာ စမ်းသပ်ဆောင်ရွက်မှုကို ဆောင်ရွက် ထားပြီးဖြစ်တယ်လို့ ၀န်ကြီးကပြောပါတယ်။

မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ (၁)နှစ်အတွင်း စခန်းပေါင်း ၁,၀၀၀ ခန့် တည်ဆောက်ကာ ဝန်ဆောင်မှုပေးနိုင်ရေး ရည်မှန်းထားတယ်လို့လည်းသိရပါတယ်။

5G ဆက်သွယ်ရေးကွန်ရက်အတွက် 5G Task Force ကိုလည်းစတင်ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ဒုတိယ၀န်ကြီးက အဆိုပါအစည်းအ‌ေ၀းမှာ အသိပေးပြောဆိုပါတယ်။

လက်ရှိရန်ကုန်နဲ့ မန္တလေးက နေရာအချို့မှာ 5G အတွက် အစောဆုံးစမ်းသပ်ထားပြီး ATOM နဲ့ MPT တို့က အဓိက လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဆက်သွယ်ရေး အော်ပရေတာတွေထဲက ATOM ဟာ ၂၀၂၂ ခုနှစ်မှာ 5G ကို မြန်မာနိုင်ငံမှာ ပထမဆုံး စတင်စမ်းသပ်ခဲ့တဲ အော်ပရေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက MyTel ကလည်း စတင်စမ်းသပ်မှုတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

5G ဆက်သွယ်ရေးဝန်ဆောင်မှု ဆိုတာကတော့ လက်ရှိ အသုံးပြုနေတဲ့ 4G ကွန်ယက်ထက် ဖုန်းဆက်သွယ်ပြောဆိုမှုနဲ့ အင်တာနက်အသုံးပြုမှုတွေမှာ ပိုမိုမြန်ဆန်လာစေမှာပဲဖြစ်ပါတယ်။

မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ လာအိုနိုင်ငံတို့မှာတော့ 5G ကွန်ယက်ကို ပြီးခဲ့တဲ့ ၂၀၂၀ အစောပိုင်းကာလတွေထဲက စတင်အသုံးပြုနေတာဖြစ်ပါတယ်။

#5G

#မိုဘိုင်းဖုန်း

#ဆက်သွယ်ရေးဝန်ဆောင်မှု

#5gtaskforce

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin