Language:

တာချီလိတ် စီးပွားရေးကျဆင်းနေတဲ့အတွက် အိမ်ခန်းငှါးရမ်းခတွေကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး လျော့ချပေးစေလို


တာချီလိတ် စီးပွားရေးကျဆင်းနေတဲ့အတွက် အိမ်ခန်းငှါးရမ်းခတွေကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး လျော့ချပေးစေလို

၁၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ်မြို့မှာ အလုပ်အကိုင်နဲ့ စီးပွားရေးကျဆင်းနေတဲ့အတွက် နေအိမ်လိုင်းခန်း ငှါးရမ်းနေထိုင်ရတဲ့ ရွှေ့ပြောင်းမိသားစုအများစုမှာ အခန်းငှါးရမ်းခကို အချိန်တစ်ခုသတ်မှတ်ပြီး လျော့ချပေးစေချင်ကြတယ်လို့ အရှေ့သံလွင်သတင်းဌာနကို ပြောဆိုလာကြပါတယ်။

မြို့ပေါ် စီးပွားရေးလုပ်ငန်းအများပြား အရှုံးပေါ်ပြီး အလုပ်အကိုင်မကောင်းမွန်တဲ့အတွက် လအပိုင်းအခြားသတ်မှတ်ကာ အခန်းငှါးရမ်းခကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လိုင်းခန်းပိုင်ရှင်တွေ ညှိနှိုင်းပြီး လျော့ချပေးစေလိုတာဖြစ်ပါတယ်။

“ကိုဗစ်တုန်းကလို (၃)ဖြစ်ဖြစ် (၆)လဖြစ်ဖြစ် တတ်နိုင်သလောက် အခန်းခတွေကို လျော့ချပေးစေချင်တာ၊ အခုက တစ်မြို့လုံး စီးပွားရေးမကောင်းတာ၊ ရတဲ့လုပ်အားခက အခန်းလစာပေးလိုက်ရင် စားဖို့တောင်မကျန်ဘူး။ ဖျားနာရင်တောင် ဆေးကုဖို့မရှိတဲ့အခြေအနေဖြစ်နေတာ”လို့ စစ်ဘေးဒဏ်ကြောင့် တာချီလိတ်ကို ရွှေ့ပြောင်းအချလာသူ ပျံကျဈေးသည်တစ်ဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ် ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း တာချီလိတ်မြို့ပေါ်မှာ အလုပ်အကိုင်တွေ ကြပ်တည်းလာကာ အခြေခံအလုပ်သမားတွေဖြစ်တဲ့ ဈေးသည်၊ ဆောက်လုပ်ရေး၊ သန့်ရှင်းရေးဝန်ထမ်းနဲ့ ကျပန်းလုပ်ငန်းတွေအပြင် လုပ်ငန်းပေါင်းစုံ အရှုံးပေါ်ပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

လိုင်းခန်းငှါးပိုင်ရှင်တွေမှာလည်း နှစ်စဉ် အခွန်အခပေးဆောင်ရတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးနှုန်း မြင့်တက်ကာ အခန်း ပြုပြင်ထိန်းသိမ်းစရိတ်တွေကြောင့် အခန်းခလျော့ချပေးဖို့ အခက်တွေ့နေကြရတယ်လို့ အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

“တစ်လ တစ်လ အခန်းလခရတာဘဲ မြင်တယ်။ ပေးရတာတွေလည်း မနည်းဘူး။ မိုးရာသီဆိုတော့ ရေတက်ပြီး အိမ်သာက ခဏခဏပြည့်တယ်။ တစ်ခါအိမ်သာစုတ်ရင် ဘတ်သောင်းချီကုန်တာ။ ဒီကြားထဲ အခန်းနေသွားတဲ့သူတွေ စည်းကမ်းမရှိ အခန်းပြန်ပြင်ရတာကို သူတို့ အိမ်လခ(၂)လစာလောက်ရှိတယ်။ တချို့ဆို အခန်းစုတ်ပြတ်သွားအောင်နေသွားတာ။ အခန်းနံရံတွေဆို ညစ်ပတ်နေတာဘဲ။ အကုန်ပြန်ပြင်ရတယ်”လို့ လိုင်းခန်းငှါးပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အခန်းခ၊ မီတာခ၊ ရေခ လျော့ချပေးစေလိုသော်လည်း အချို့သောအခန်းငှါးရမ်းနေထိုင်သူတွေက လိုင်းခန်းငှါးပိုင်ရှင်တွေ နှင်ထုတ်မှာစိုးရိမ်ပြီး အရှေ့သံလွင်သတင်းဌာနရဲ့ မေးမြန်းမှုကို မပြောရဲသော လူအများစုကို တွေ့မြင်နေရတာဖြစ်ပါတယ်။

တာချီလိတ်မြို့မှာ ယခင် ၂၀၂၂ ခုနှစ်ခန့်က ကျားဖြန့် တရုတ်ငွေလိမ်ဂိုဏ်းတွေ အလုံးအရင်း ဝင်ရောက်ခဲ့တဲ့အတွက် နေအိမ်လိုင်းခန်းငှါးခတွေကို ဈေးအမြောက်အမြားပေးကာ တိုက်တစ်လုံးလုံး အပြတ်ငှါးရမ်းမှုတွေရှိခဲ့တဲ့အတွက် အခန်းငှါးခတွေ ဈေးတက်သွားခဲ့ကာ ယခုအထိ ဈေးပြန်ကျခြင်းမရှိဘူးလို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ကိုဗစ်ကာလတုန်းကလည်း မြို့စီးပွားရေး လုံးဝရပ်တန့်ထားရတဲ့အတွက် အလုပ်အကိုင်တွေလဲ ကျဆင်းနေချိန်မှာ ဒေသအာဏာပိုင်တွေနဲ့ လိုင်းခန်းငှါးပိုင်ရှင်တွေ ညှိနှိုင်းပေးကာ အခန်းလစာအတွက် တစ်ချို့သော လိုင်းခန်းငှါးခကို (၃)လခန့် အချိန်သတ်မှတ်ပြီး တစ်ခန်းကို ဘတ်(၅၀၀)မှ ဘတ်(၁၀၀၀)အထိ လျော့ချ ပေးခဲ့တယ်လို့ သိရှိရပါတယ်။

အခုလို အခန်းငှါးရမ်းခ၊ မီတာခတွေ ဈေးနှုန်းကြီးမြှင့်နေတဲ့အပေါ် လျော့ချကောက်ခံ နိုင်ဖို့အတွက် တာချီလိတ် ပြည်သူ့လွှတ်တော်ကိုယ်စား ဦးကျော်ငြိမ်းအောင်မှ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး လျှပ်စစ်မီတာသုံးစွဲခကိုတော့ လျော့ချကောက်ခံနိုင်ရန် ရှမ်းပြည်နယ်အစိုးရက မြို့မီးလင်းရေး ဦးဆောင်ကော်မတီကို (၈)ဘတ်နှုန်းနှင့် ကောက်ခံရန် သင့်/မသင့်ကို စိစစ်ပြီး ပြန်လည်တင်ပြရန် ညွှန်ကြားထားတယ်လို့လဲ သိရှိရပါတယ်။

#အခန်းငှါးခ

#အချိန်သတ်မှတ်ချက်

#ဒေသခံ

#စီးပွားရေး

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin