၁၇ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အတွင်း ဧည့်စာရင်းတိုင်ကြားရာမှာ ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများရှိကြောင်း တိုင်ကြားလာပါက စိစစ်ပြီး မှန်ကန်ကြောင်းတွေ့ရှိပါက သက်ဆိုင်သူ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနဲ့ အဖွဲ့ဝင်တွေကို ဥပဒေနှင့်အညီ အရေးယူမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့ဖြစ်တဲ့ ဩဂုတ် (၁၇)ရက်မှာ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ရက်ရှည်နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူများ ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေး ကောက်ခံနေမှုများနဲ့ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးမြန်းခဲ့တာဖြစ်ပါတယ်။
နမ့်ခမ်းမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဧည့်စာရင်းတိုင်ကြားရာမှာ ရပ်ကွက်ရုံးတွေက လူဦးရေအလိုက် ငွေကြေးများသတ်မှတ်ပြီး ကောက်ခံခြင်း၊ အချို့ရပ်ကွက်ရုံးတွေမှာတော့ ခွက်ဖလားထားပြီး စေတနာအလျောက် ငွေထည့်ဝင်စေခြင်းနဲ့ သတ်မှတ်ရက်ကျော်လွန်ပါက ဒဏ်ကြေးအဖြစ် ငွေကြေးထပ်မံပေးဆောင်ရခြင်းများ ရှိနေကြောင်း ပြည်နယ်လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။
အဆောင်နေကျောင်းသားတွေအနေနဲ့လည်း ဧည့်စာရင်းတိုင်ကြားရာမှာ ကျောင်းသားတစ်ဦးလျှင် (၁)လ ငွေကျပ် (၁)သောင်းနှုန်းဖြင့် မောင်နှမ နှစ်ဦးအတွက် တစ်နှစ်လျှင် ငွေကျပ် ၂ သိန်း ၄ သောင်း ပေးသွင်းရတာတွေရှိနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့်ပြမေးခွန်းနဲ့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
ပြည်နယ်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက “ဧည့်စာရင်းတိုင်ကြားမှုအပေါ် ငွေကြေးကောက်ခံကြောင်း တိုင်ကြားပါက စိစစ်ပြီး မှန်ကန်ပါက သက်ဆိုင်သူများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့” ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
ယင်းမေးခွန်းနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ်မ (၃၃)အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ပတ်သက်၍ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်းမပြုရကြောင်း ပြဋ္ဌာန်းထားသည်ဟု လွှတ်တော်တွင် ဖြေကြားခဲ့တာဖြစ်ပါတယ်။
“အထက်ကတော့ မကောက်ဖို့ပြောတာဘဲ။ ဒါပေမယ့် အထက်ကချပေးတဲ့ ပိုက်ဆံက လုံလောက်မှုမှမရှိတာ။ စစ်သားသစ် ဝယ်ထည့်ရတာဆိုရင် တစ်လ(၁)ယောက်အတွက် ဘတ်(၃)သိန်းလောက်ပေးရတယ်။ တချို့ဆိုရင် ရပ်ကွက် အိမ်ထောင်စုစာရင်းရှိပေမယ့် အများစုက ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေလေ။ သူတို့ကို ဘယ်လိုရှာပြီး ဘယ်လို မဲနှိုက်ခိုင်းရမလဲ။ ရပ်ကွက်အတွက် ကုန်ကျစရိတ်တွေအတွက် ပိုက်ဆံမှမကောက်ရင် ဘယ်လို အလုပ်လုပ်မလဲ”လို့ ရပ်/ကျေးအဖွဲ့တင်တစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို နိုင်ငံတော်က လစဥ်ချီးမြှင့်ငွေ ကျပ် (၇)သောင်းနှင့် ရုံးအသုံးစရိတ် ကျပ်(၅)သောင်း ထောက်ပံပေးထားပြီး ဖြစ်သဖြင့် ဧည့်စာရင်းတိုင်ကြားမှုအပေါ် ငွေကြေးကောက်ခံခြင်းမပြုရန် ပြည်နယ်အစိုးရအနေနဲ့ စဥ်ဆက်မပြတ် ညွှန်ကြားလျက်ရှိတယ်လို့လည်း ရှမ်းပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်အစိုးရက ဧည့်စာရင်းတိုင်ကြားတာနဲ့ ပတ်သက်ပြီး ရပ်/ကျေးအဖွဲ့ဝင်တွေကို ငွေကြေးကောက်ခံခြင်း မပြုရန် ညွှန်ကြားထားပေမယ့် ရှမ်းပြည်နယ် တဝှမ်း ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရပ်ကွက် သာရေးနာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ ငွေကြေးလုံလောက်မှု မရှိတဲ့အတွက် ဧည့်စာရင်းတိုင်ကြားတာ အပါအဝင် မြေယာ ရောင်းချမှုတွေနဲ့ နေထိုင်ကြောင်း ထောက်ခံစာတွေအတွက် ငွေကြေးကောက်ခံတာတွေ ရှိနေတာဖြစ်ပါတယ်။

