၁၀ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်း-မြန်မာ အပြန်အလှန် သွားရောက်တဲ့ ပညာသင်ကြားတဲ့ ကလေးတွေကို ကြို/ပို့ လုပ်ဆောင်ပေးနေတဲ့ ကျောင်းကားများ အမှတ်(၂)ချစ်ကြည်ရေးတံတား ပြန်လည် အသုံးပြုခွင့်ပေးဖို့ အရေး လာမယ့် ရှမ်းပြည်နယ်အစိုးရ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ဖို့ရှိတယ်လို့ တာချီလိတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆီက သိရှိရပါတယ်။
ယခင် ၂၀၁၉ ခုနှစ် ကိုဗစ်မဖြစ်ခင်က ကျောင်းကားနဲ့ လူနာတင်ယာဉ်တွေကို ချစ်ကြည်ရေးတံတား အမှတ်(၂)ကို အသုံးပြုခွင့် ပေးခဲ့ပေမယ့် ကိုဗစ်ကာလနောက်ပိုင်း လူသွားလူလာ ကန့်သတ်တဲ့အနေနဲ့ ကျောင်းကားဖြတ်သန်းခွင့်ပါ ပိတ်ပစ်လိုက်တဲ့အတွက် ယခုအခါ ကလေးတွေ ပညာသင်ကြားရေးမှာ အခက်အခဲဖြစ်နေကြတာဖြစ်ပါတယ်။
“ကျွန်တော် ရှမ်းအစိုးရ သယံဇာတဝန်ကြီးကို အကူအညီတောင်းထားတယ်။ ဝန်ကြီးက လာမယ့်အစိုးရအစည်းအဝေးမှာ တင်ပြပြီး အဆင်ပြေအောင် လုပ်ဆောင်ပေးမယ်လို့တော့ ပြောတယ်။ ပြည်နယ်အစိုးရမရရင် ကျွန်တော် ပြည်ထောင်စုအစိုးရဆီ ဆက်ပြီး တင်ပြဆွေးနွေးပေးပါမယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အရှေ့သံလွင်သတင်းဌာနက ပြောပါတယ်။
ယခုလက်ရှိ ကလေးကျောင်း ကြို/ပို့ကားနဲ့ လူနာတင်ကားတွေဟာ ချစ်ကြည်းရေးတံတား အမှတ်(၁)ကိုသာ အသုံးပြုပြီး ဖြတ်သန်းနေရတဲ့အတွက် ကလေးငယ်တွေဟာ မနက်စောစောထရတာနဲ့ ယာဉ်ကြောပိတ်ဆို့မှုတို့ကြောင့် ပင်ပန်းနွမ်းနယ်ကာ ပညာသင်ကြားရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျောင်းသားမိဘတွေက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ တာချီလိတ် အခြေခံပညာကျောင်းတွေကို လာရောက်ပညာသင်ကြားနေတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ကလေးတွေလည်း ရှိနေတဲ့အတွက် ကျောင်းကားကြို/ပို့ကားတွေကို လွယ်ကူစွာဖြတ်သန်းနိုင်ဖို့ အမှတ်(၂)ချစ်ကြည်ရေးတံတားကို ပြန်လည် အသုံးပြုလိုကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို တာချီလိတ်ကနေ သွားရောက် ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေ (၅၀၀)နှင့်အထက်ရှိပြီး နေ့စဉ် ကျောင်းကားပေါင်း အစီးရေ (၅၀)နဲ့ (၁၀၀)ကြား ကျောင်းသား ကြို/ပို့ လုပ်ပေးနေရတာဖြစ်တဲ့အတွက် နေ့စဉ် ယာဉ်ကြောပိတ် ဆို့မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

