Language:

ပန်းပဲတန်းမြို့နယ်က Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခဲ့သူများကို ဖမ်းမိ


ပန်းပဲတန်းမြို့နယ်က Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခဲ့သူများကို ဖမ်းမိ

၁၀ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ် ရွှေဘုံသာလမ်းက Diam ond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်ကို ဩဂုတ် (၆) ရက်က ပြန်ပေးဆွဲခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးရမိထားပြီလို့ နိုင်ငံပိုင်သတင်းစာကတဆင့် သတင်းထုတ်ပြန်ထားပါတယ်။

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးကို ဩဂုတ် (၆) ရက် ညနေ (၅) နာရီခွဲခန့်တွင် နေအိမ်သို့ ပြန်လာစဉ် အမှတ်(၆)ရပ်ကွက် ရွှေဘုံသာလမ်း အိမ်အမှတ်၊ (၃၆)အရှေ့၌ လူ(၉) ဦးပါ အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အဲဒီတရားခံတွေကို ဩဂုတ် (၇)ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ ဩဂုတ်လ (၆)ရက် ည (၈)နာရီခန့်မှာ ဦးအောင်မြင့် ကိုင်ဆောင်တဲ့ဖုန်းနဲ့ ၎င်း၏ မိသားစုများထံ ဆက်သွယ်ပြီး ဦးအောင်မြင့် (ခ) ဆူပရာမန်းနီးအား အသက်ရှင်လျက် ပြန်လည်ရရှိလိုပါက ငွေကျပ် သိန်း (၄၅ဝဝ)နဲ့ ရွှေ (၆၀)သား တောင်းဆိုခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါဖြစ်စဉ်မှ ကျူးလွန်သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ဩဂုတ် (၇)ရက် နံနက် (၄)နာရီခွဲခန့်တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်တွင် ပါဝင်သူများဖြစ်သည့် မူဒူးဂါး(ခ)ဝင်းကိုအောင်နဲ့ ဂင်ဒို (ခ)လင်းလင်းတို့ နှစ်ဦးအား တာမွေမြို့နယ် စက်စန်းဟိုတယ်အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အဆိုပါနေ့ နံနက် (၅) နာရီခန့်တွင် မျိုးမင်းဦး(ခ)မျိုးကြီးနဲ့ အောင်သူ(ခ) အောင်သူဦးတို့ နှစ်ဦးအား သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင် အသွား (၆) လက်မခန့်ရှိ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခုတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ကာ အဆိုပါနေရာတစ်ဝိုက်အား လိုအပ်သည့်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့် (ခ)ဆူပရာမန်းနီးအား ၎င်းအနီးရှိ အိမ်ပျက်အတွင်းမှ အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိ ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိနေသော ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နံနက် (၅) နာရီခွဲခန့်တွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင်သူ မောင်ငယ်အား ဒေါပုံမြို့နယ်၊ စံပြ(၁)လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများရဲ့ ထွက်ဆိုချက်အရ ကျော်သူရ၊ အောင်ထက်မိုးနဲ့ ကျော်သက်တို့ သုံးဦးအား နေအိမ်အသီးသီးတွင် လည်းကောင်း၊ ပြန်ပေးဆွဲမှုပြုလုပ်ရာတွင် အသုံးပြုခဲ့တဲ့ Taxi နဲ့ ယာဉ်မောင်းဖြစ်သူ ကျော်ကိုကိုလွင်အား ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက်၊ အောင်မေတ္တာအလယ်လမ်း အိမ်အမှတ် (၃၁၇)၌ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပြန်ပေးဆွဲမှုတွင် ပါဝင်သူများအား တည်ဆဲဥပဒေများနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာက နိုင်ငံပိုင်သတင်းစာကတဆင့် ထုတ်ပြန်ကြေညာထားပါတယ်။

#မှုခင်း

#ပြန်ပေးဆွဲမှု

#DiamondShine

#ပန်ပဲတန်းမြို့နယ်

#ရန်ကုန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin