၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမျိုးသားလွှတ်တော် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရ လာအိုတည်ဆောက်ရေး ဦးတည်ချက်ဗဟိုကော်မတီနဲ့ ကွယ်လွန်သူရဲ့ မိသားစုတို့က ဩဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင် လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရဲဘော်ဆိုင်ဆုံဖွန် ဖုမ်ဝိဟာန်ဟာ ဩဂုတ်လ (၈) ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၈ မိနစ်မှာ ပြင်းထန်တဲ့ သွေးကြောရောင်ရမ်းမှုရောဂါကြောင့် အသက်(၇၀) အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ဆိုင်ဆုံဖွန် ဖုမ်ဝိဟာန်ဟာ လာအိုနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရည်အချင်း၊ အတွေ့အကြုံနဲ့ လုပ်ငန်းစွမ်းဆောင်ရည် ရှိသူတစ်ဦးအဖြစ် ဒေသအုပ်ချုပ်ရေးနဲ့ အစိုးရဌာန အများအပြားမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူ့ဘဝတစ်လျှောက် ပါတီရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လာအိုတိုင်းရင်းသားပြည်သူများရဲ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေးအတွက် စွမ်းရည်နဲ့ အင်အားအပြည့်အဝ အပ်နှံဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဆိုင်ဆုံဖွန် ဖုမ်ဝိဟာန် ကွယ်လွန်ခြင်းဟာ လာအိုပါတီ၊ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူများအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ လာအိုအာဏာပိုင်တွေက ဆိုပါတယ်။
ကွယ်လွန်သူအပေါ် ဝမ်းနည်းခြင်းနဲ့ အောက်မေ့သတိရမှုတွေကို အင်အားအဖြစ် ပြောင်းလဲပြီး ပါတီဗဟိုကော်မတီအနီးမှာ စည်းလုံးညီညွတ်စွာ ရပ်တည်ကြဖို့၊ နိုင်ငံနဲ့ ပါတီရဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ ပါတီရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
ဆိုင်ဆုံဖွန် ဖုမ်ဝိဟာန်ရဲ့ ကောင်းမှုကုသိုလ်နဲ့ နိုင်ငံအတွက် ဆောင်ရွက်ခဲ့မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လာအိုနိုင်ငံတစ်ဝန်း နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ (၅)ရက် သတ်မှတ်ထားပါတယ်။
ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို ဩဂုတ်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ အမျိုးသားအစည်းအဝေးခန်းမမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ကွယ်လွန်သူ ဆိုင်ဆုံဖွန် ဖုမ်ဝိဟာန်ရဲ့ တရားဝင်ဈာပနအခမ်းအနားကို ဩဂုတ်လ ၁၃ ရက်နေ့မှာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ အမျိုးသားရင်ပြင်မှာ ကျင်းပသွားမယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

