Language:

OpenAI ၏ AI Smart Speaker အသစ်ကို ၂၀၂၇ ခုနှစ်တွင် မိတ်ဆက်နိုင်ဖွယ်ရှိ၊ ဈေးနှုန်း ဒေါ်လာ ၃၀၀ မှ ၄၀၀ အတွင်း ဖြစ်နိုင်


OpenAI ၏ AI Smart Speaker အသစ်ကို ၂၀၂၇ ခုနှစ်တွင် မိတ်ဆက်နိုင်ဖွယ်ရှိ၊ ဈေးနှုန်း ဒေါ်လာ ၃၀၀ မှ ၄၀၀ အတွင်း ဖြစ်နိုင်

၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

OpenAI က တီထွင်နေတဲ့ AI Hardware အသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထပ်မံထွက်ပေါ်လာပါတယ်။ ChatGPT ကို နေ့စဉ်ဘဝမှာ ပိုမိုအသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတဲ့ AI Smart Speaker အသစ်ကို ၂၀၂၇ ခုနှစ်အတွင်း မိတ်ဆက်နိုင်ဖွယ်ရှိပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၃၀၀) ကနေ (၄၀၀) အထိ ရှိနိုင်တယ်လို့ Bloomberg သတင်းဌာနက ဖော်ပြထားပါတယ်။

Bloomberg ရဲ့ ဖော်ပြချက်အရ OpenAI ရဲ့ Smart Speaker အသစ်ဟာ ဒိုးနပ်ပုံသဏ္ဍာန်နဲ့ ဒီဇိုင်းထုတ်ထားပြီး အိမ်အတွင်း နေရာအမျိုးမျိုးကို အလွယ်တကူ ရွှေ့ပြောင်းအသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။

စက်ကို အရည်အသွေးမြင့် သတ္တုနဲ့ တည်ဆောက်ထားမှာဖြစ်ပြီး Premium ဒီဇိုင်းအပြင် လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်းအချို့လည်း ပါဝင်မယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေက ဘယ်လိုလုပ်ဆောင်ချက်အတွက်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဈေးနှုန်းအနေနဲ့ တစ်လုံးကို အမေရိကန်ဒေါ်လာ (၃၀၀) ကနေ (၄၀၀) အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး၊ Amazon ရဲ့ Smart Speaker တွေထက် သိသိသာသာ ဈေးပိုမြင့်နိုင်ပါတယ်။

ဒီစက်ပစ္စည်းကို Apple ရဲ့ ဒီဇိုင်နာဟောင်း Jony Ive တည်ထောင်ထားတဲ့ LoveFrom ဒီဇိုင်းစတူဒီယိုနဲ့ ပူးပေါင်းဖန်တီးနေပြီး ၂၀၂၇ ခုနှစ်အတွင်း စျေးကွက်ကို တင်ပို့နိုင်ဖွယ်ရှိတယ်လို့လည်း Bloomberg က ဖော်ပြထားပါတယ်။

သို့သော် OpenAI အနေနဲ့ Hardware ဈေးကွက်ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေချိန်မှာ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ Smart Speaker ဈေးကွက်ဟာ အမြတ်အစွန်းရရှိဖို့ ခက်ခဲတဲ့ ဈေးကွက်တစ်ခုဖြစ်သလို လက်ရှိမှာလည်း Apple က ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူတယ်လို့ စွပ်စွဲပြီး OpenAI ကို တရားစွဲဆိုထားပါတယ်။

OpenAI ChatGPT ကို အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝနဲ့ ပိုမိုနီးစပ်အောင် ဖန်တီးမယ့် OpenAI ရဲ့ AI Smart Speaker အသစ်ဟာ ဈေးကွက်မှာ အောင်မြင်မှုရရှိမလားဆိုတာကိုတော့ ၂၀၂၇ ခုနှစ် မိတ်ဆက်ချိန်အထိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

#နည်းပညာ

#SmartSpeaker

#OpenAI

#AIhardware

#ChatGPT

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin