၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာနဲ့ထိုင်းနိုင်ငံတို့ဟာ ရွှေ့ပြောင်းအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပိုမိုစနစ်တကျ စီမံခန့်ခွဲနိုင်ရေး၊ တရားဝင် လုပ်သားစေလွှတ်ရေးစနစ် အားကောင်းလာစေရေးနဲ့ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့ ရည်ရွယ်ထားပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို MoU စနစ်နဲ့ တရားဝင် အလုပ်သမားစေလွှတ်ရေးကို ဆက်လက်မြှင့်တင်ဖို့၊ အလုပ်သမားတွေကို မှတ်ပုံတင်တာ၊ ကိုယ်ရေးအချက်အလက် စိစစ်တာ၊ ဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်ထိရောက်လာအောင် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေး၊ အလုပ်ခွင် လုံခြုံရေး မြှင့်တင်ရေး၊ လုပ်ခလစာနဲ့ လူမှုဖူလုံရေးစနစ်တွေကို ဥပဒေနဲ့အညီ ရရှိစေရေးအပြင် အလုပ်ရှင်နဲ့ အလုပ်သမားကြား ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းဖြေရှင်းနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
နှစ်နိုင်ငံဟာ အလုပ်သမားအချက်အလက်တွေကို အပြန်အလှန် ဖလှယ်နိုင်မယ့် စနစ်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ လျှော့ချရေး၊ လူကုန်ကူးမှုနဲ့ အလုပ်သမားခေါင်းပုံဖြတ်မှုတွေကို တိုက်ဖျက်ရေး၊ တရားဝင် အလုပ်သမားခေါ်ယူရေး လမ်းကြောင်းတွေ ပိုမိုအားကောင်းလာစေရေးတို့မှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ထို့အပြင် နှစ်နိုင်ငံ အလုပ်သမားဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေကြား ပုံမှန်ညှိနှိုင်းအစည်းအဝေးတွေ ကျင်းပရေး၊ အလုပ်သမားလိုအပ်ချက်နဲ့ လုပ်သားဈေးကွက် အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ ဖလှယ်နိုင်ရေး၊ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်တွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပိုမိုထိရောက်လာစေရေးတို့ကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေပြီး ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ အဓိက လုပ်ကိုင်နေကြပါတယ်။ ဒါကြောင့် အခုလက်မှတ်ရေးထိုးလိုက်တဲ့ MoU ဟာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမယ့် ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိတော့ MoU စာချုပ်ရဲ့ အပြည့်အစုံ၊ အကောင်အထည်ဖော်မယ့် အစီအစဉ်အသေးစိတ်တွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ တာဝန်ခွဲဝေမှုတွေကို နှစ်နိုင်ငံအစိုးရက အများပြည်သူထံ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
၂၀၂၆ ခုနှစ်အတွင်း ထုတ်ပြန်ထားသော ထိုင်းအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အချက်အလက်များအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားစုစုပေါင်းမှာ ခန့်မှန်းအားဖြင့် ၂ သန်းဝန်းကျင် ရှိနေပြီး မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရွှေ့ပြောင်းအလုပ်သမားအုပ်စု ဖြစ်နေတယ်လို့ ဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ လက်ရှိအချိန်အထိ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေဟာ ၁ ဒဿမ ၇ သန်းကျော် ရှိနေပြီး ၂၀၂၃ ခုနှစ်ကုန်ပိုင်းအထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား စုစုပေါင်း (၁.၇)သန်းကျော် ရှိနေတာပါ။
အဲဒီအထဲမှာတော့ MoU စနစ်နဲ့ ထိုင်းနိုင်ငံကို တရားဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူ (၂၈၀၀၀၀)ကျော်ရှိနေပြီး၊ ထိုင်းအစိုးရရဲ့ Cabinet Resolution စနစ်အောက် မှတ်ပုံတင်ထားသူ (၁.၄)သန်းကျော်နဲ့ Border Pass ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူ (၅)ထောင်ကျော် ပါဝင်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်းမှာ ထိုင်းအစိုးရဟာ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်အထိ သက်တမ်းတိုးပေးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီမူဝါဒဟာ အသစ်ဝင်ရောက်လာမယ့် အလုပ်သမားတွေအတွက် မဟုတ်ဘဲ၊ ထိုင်းအစိုးရရဲ့ စနစ်အတွင်းမှာ မှတ်ပုံတင်ထားပြီးသား အလုပ်သမားတွေကိုသာ အကျုံးဝင်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာအလုပ်သမားအများစုဟာ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံအခြေပြု ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ ပင်လယ်စာထုတ်လုပ်ရေး၊ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအပြင် သယ်ယူပို့ဆောင်ရေးနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေမှာ အဓိက ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။
ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံအတွင်း အလုပ်သမား၊ ကျောင်းသား၊ စီးပွားရေးသမား၊ ဒုက္ခသည်နဲ့ အခြားဗီဇာကိုင်ဆောင်သူတွေ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်းဟာ ၂ သန်းကျော် ရှိနိုင်ပါတယ်။
ဒါပေမယ့် လက်ရှိ တရားဝင်အတည်ပြုထားတဲ့ စာရင်းအရတော့ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေဟာ ၁ ဒဿမ ၇ သန်းကျော် ရှိနေဆဲဖြစ်ပါတယ်။

